Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Activity Detail

Peace Process

President U Thein Sein delivers an address at Union Peace Conference

ပထမအကြိမ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

MICC-II, နေပြည်တော်
ပထမနေ့ (၁၂.၁.၂၀၁၆)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြောကြားသည့် အဖွင့်မိန့်ခွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကို ကြွရောက်လာကြတဲ့ ကိုယ်စားလှယ် တော်ကြီး များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်ဝ ကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။


ဒီကနေ့ဟာ  ကျွန်တော်တို့တိုင်းပြည်ရဲ့ သမိုင်းမှာ အင်မတန်ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ နောင်တချိန်မှာ ဂုဏ်ယူ ဝံ့ကြွားစွာ ပြန်ပြောင်းပြောဆိုကြရမယ့် သမိုင်းသစ်ကို အတူတကွရေးသားဖို့ ဒီနေရာကို စုရုံးရောက်ရှိလာကြပါတယ်။ ဒါဟာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ စုစည်းနိုင်ခဲ့တဲ့ အကြီးမားဆုံးသော တိုင်းပြုပြည်ပြု ကိစ္စကြီးတရပ်ကို အစပြုလိုက်ခြင်း လည်းဖြစ်ပါတယ်။
ပထမဦးစွာ ကျွန်တော်တို့အားလုံးအနေနဲ့ ဒီညီလာခံကြီး ပေါ်ပေါက်လာရတဲ့ အကြောင်း အရင်းကို လက်တွေ့ကျကျနဲ့ မှန်မှန်ကန်ကန် ပြန်ပြောင်းကြည့်ရှုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခများအတွက် တွေ့ဆုံညှိနှိုင်းအဖြေရှာရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီနေရာမှာ နောက်ခံသမိုင်း တွေ၊ နိုင်ငံရေးရပ်တည်ချက်တွေ၊ လိုလားချက်တွေအရ မတူညီကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေနဲ့ တူညီစွာ တောင်းဆိုခဲ့ကြတဲ့ အဓိက အချက်တွေရှိပါတယ်။ ဒါကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တစ်ဖွဲ့ချင်းဆွေးနွေးတဲ့ အခြေအနေကနေ အဖွဲ့အစည်းအားလုံး အတူတကွ ပါဝင်ဆွေးနွေးနိုင်မယ့် ဖြစ်စဉ်တရပ် ကို တည်ဆောက်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တရပ်ကို အခိုင်အမာတည်ဆောက်နိုင်တာကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းတလျှောက်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအကြားမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တစ်ခုကို ရှိလာခဲ့ပါတယ်။ ပါဝင်လက်မှတ် ထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေရှိသော်လည်း ဒီသဘောတူစာချုပ် ဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ ဆွေးနွေးဘက် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး သဘောတူရေးဆွဲခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ စာချုပ်အရ အပစ်အခတ် ရပ်စဲရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်တိုက်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။


လက်နက်ကိုင် ပဋိပက္ခများ၊ တိုက်ပွဲများကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ဖို့၊ ရပ်တန့်နိုင်ဖို့နဲ့ ဖြေရှင်းနိုင်ဖို့အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနဲ့ TOR များကို စတင် အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း လွတ်လပ်ရေးရပြီးတည်းက ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ပြဿနာတွေကို နိုင်ငံရေးအရဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့အခါမှာတော့ လက်နက်ကိုင်တပ်ဖွဲ့များသာမက သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုတွေနဲ့ လူထုအဖွဲ့အစည်းတွေပါ ကိုယ်စားပြု ဆွေးနွေးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မှာ အပစ်အခတ်ရပ်စဲရေးထက် ကျော်လွန်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ အဓိကအချက်အနေနဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခ များကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင် ကျင်းပရခြင်း ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံပြီး စာချုပ်ပါ အချိန်ဇယားအတိုင်း နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်ကို အစပြု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်း တလျောက် ဘယ်တုန်းကမှ မရရှိဖူးခဲ့တဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ပွင့်လင်းလွတ်လပ်မှုတွေကို အခြေခံပြီး ဒီကနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ကျင်းပနိုင်မှာဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်ကျင်းပနိုင်ခြင်းဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ခုကို စနစ်တကျ စတင်နိုင်ပြီး တည်ငြိမ်တဲ့ အရွေ့တစ်ခု ပေါ်ပေါက်ရေးကို စီမံခန့်ခွဲနိုင်ခြင်းရဲ့ အကျိုးရလဒ်တစ်ခု အဖြစ်လည်း ရှုမြင်ကြရမှာ ဖြစ်ပါတယ်။


ပြည်ထောင်စုညီလာခံကို စတင်ခေါ်ယူကျင်းပရခြင်းဟာ ကျွန်တော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးသစ်ထံ အစိုးရတာဝန်များကို လွဲှပြောင်းပေးတဲ့ကိစ္စတွေထဲမှာ အရေးအကြီးဆုံးလုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရသစ်ထံ စနစ်တကျ လွဲှပြောင်းနိုင်ရေးအတွက် အထူးအရေးပါလှတဲ့ ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီညီလာခံဟာ ကာလအပိုင်းအခြားတစ်ခုအနေနဲ့ ဆောင်ရွက်တဲ့ အခမ်းအနားတစ်ခု မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် ဖြစ်စဉ်တစ်ခု အစပျိုးခြင်းသာဖြစ်ပါတယ်။ ဆွေးနွေးရမယ့်ကိစ္စရပ်တွေ၊ ပါဝင်ဆွေးနွေးမယ့်သူတွေနဲ့ ကိုယ်စားပြုမှုတွေဟာလည်း ညီလာခံကြီးရဲ့ ဖြစ်စဉ် တလျောက်မှာ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမယ့်ကိစ္စရပ်များဖြစ်ပါတယ်။ ဒီညီလာခံက အစပြုပြီး နိုင်ငံရေးဆွေးနွေးမှုများကနေ နိုင်ငံရေးအင်အားစုများအကြားမှာ ရရှိလာမယ့် အပြန်အလှန်ယုံကြည်မှုတွေကလည်း နိုင်ငံရေးဖြစ်စဉ်ကို များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီညီလာခံကြီးကနေစပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများဆိုတဲ့ အကြောင်းအရာတွေကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်များအတိုင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ အစိုးရသစ်ထံ တာဝန်လွဲှပြောင်းမှု ချောမွေ့စေရေး အတွက်ရော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ရေးအတွက်ပါ စတင်ရတာဖြစ်ပါတယ်။ အချိန်မီ စတင်ရတာဖြစ်တဲ့ အပြင် ဒီကနေ့ ဆွေးနွေးကြမယ့် ကဏ္ဍကြီးငါးရပ်ဟာလည်း အလွန်ကျယ်ပြန့်တာ ဖြစ်တဲ့အတွက် ဒီ (၅)ရက်တာကာလအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းမပြုဘဲ ဆွေးနွေးမှုတွေကို စုစည်းမှာဖြစ်ပါတယ်။ ဒီလိုစုစည်းပြီးနောက် ညီလာခံကို သယ်ဆောင် သွားကြဖို့ဖြစ်ပါတယ်။ ဒါကြောင့် နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်းဖြစ်တယ် လို့လည်း ဆိုရမှာဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ ပေါ်ပေါက်လာမယ့် ညီလာခံမှာ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဒီကနေ့ ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်းနိုင်ခြင်းအပေါ်မှာ မူတည်မယ်ဆိုတာကိုလည်း သတိပြုကြစေလိုပါတယ်။


ဒီညီလာခံကြီးမှာ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့အခါမှာ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ဆွေးနွေးဘက် အဖွဲ့အစည်းအသီးသီးရဲ့ မတူညီတဲ့ သမိုင်းကြောင်းတွေ၊ နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ လိုလားချက်တွေကို အပြန်အလှန် နားလည်သိရှိဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေး အဖြေရှာတဲ့အခါမှာ အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ချက်၊ ရှုထောင့်တစ်ခုတည်းက မကြည့်ဘဲ ရှုထောင့်ပေါင်းစုံကနေ ရှုမြင်ပြီး အတူတကွ လက်တွဲဖြေရှင်းမယ် ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းအပ်ပါတယ်။ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ပြီး တိုင်းပြည်အတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေမယ့် ဆွေးနွေးမှုတွေ၊ နိုင်ငံရေးရွေးချယ်မှုတွေနဲ့ သဘောတူညီမှုတွေ ရရှိအောင် ကြိုးပမ်းကြဖို့ အလေးအနက်တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။