Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Peace Process

KNU Chairman General Saw Mu Tu Say Poe delivers an address at Union Peace Conference

ပထမအကြိမ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

MICC-II, နေပြည်တော်
ပထမနေ့ (၁၂.၁.၂၀၁၆)

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားပြောကြားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ နှုတ်ခွန်းဆက်စကား

ချစ်ကြည်လေးစားရပါသော နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်နာယကနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပါတီခေါင်းဆောင်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက်မတ်မတ် အထောက်အကူပြုနေကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ပြည်တွင်းမှ ဧည့်သည် တော်ကြီးများ၊ အစုအဖွဲ့အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားခြင်းခံထားရတဲ့ ပြည်တွင်းဧည့်သည်တော်များနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရေးအတွက် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတဲ့ နှစ်ဖက် ခေါင်းဆောင်ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့များ၊ အထောက်အကူပြုသူများနဲ့ သတင်းမီဒီယာများအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေလို့ ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။


ဒီကနေ့ဟာ NCA လက်မှတ်ရေးထိုးပြီး (၈၈) ရက်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအနေနဲ့ NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉ဝ) အတွင်း နောက်ထပ် အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရမယ် ဆိုတဲ့အချက်ကို ပူးတွဲအကောင်အထည်ဖော်ကြတာလည်း ဖြစ်ပါတယ်။


ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာ နိုင်ငံတော်အာဏာ အပြောင်းအလွဲတွေ ရှိတာကြောင့် လက်ရှိအစိုးရက အစပြု အကောင်အထည်ဖော်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးဆိုင်ရာ ကိစ္စတွေကို ဆက်လက်အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါတယ်။ ဒီပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ရက်ပေါင်း (၉ဝ) အတွင်း အကောင်အထည်ဖော်ရမယ့်ကိစ္စကို စတင်ရင်း၊ နောင်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရမယ့် အစိုးရကလည်း လက်ဆင့်ကမ်းသယ်ဆောင်ရမယ့် အရေးပါတဲ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို နိုင်ငံရေးအရ ညှိနှိုင်း ဖြေရှင်းမယ့် လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အစလည်းဖြစ်ပါတယ်။


ဒီလိုပွင့်ဟလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတံခါးပေါက်ကနေ ပိုမိုပြည့်စုံပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ ဆက်လက်ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Waiting Game ကို ကစားသလို မလုပ်ဘဲ နိုင်ငံရေးပီပီပြင်ပြင် လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အစိုးရအသွင်သဏ္ဍာန် အမျိုးမျိုးနှင့် မတူညီတဲ့ သမိုင်းနောက်ခံနဲ့ လူမျိုးစုံ ရောပြွန်းနေထိုင်ခဲ့တဲ့ နိုင်ငံတစ်ခုရဲ့ အတွေ့အကြုံကို ကိုယ်စီ ရရှိထားကြတဲ့အတွက် လက်တွေ့ကျတဲ့ တစ်ဆင့်စီ တက်လှမ်းအကောင်အထည်ဖော်ခြင်း နည်းလမ်းသာလျှင် အကောင်းဆုံးမဟာဗျူဟာတစ်ခု နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။


ကျွန်တော်တို့နိုင်ငံဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထူးလိုအပ်နေပါတယ်။ နိုင်ငံရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့ အားလုံးလိုလားကြပေမယ့် ပြဿနာအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေက ကွဲပြားခြားနားမှု ရှိတတ်ကြပါတယ်။ ပြဿနာရဲ့ အဖြေကို ချဉ်းကပ်တဲ့ လမ်းကြောင်းလည်း မတူညီကြပါဘူး၊ နိုင်ငံရဲ့ အရေးပါတဲ့ Institutions တွေရဲ့ အတွေးအခေါ် တည်ဆောက်မှုတွေ မတူညီကြပါဘူး၊ ပထဝီအရကွဲပြားနေကြသလို တိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းနောက်ခံတွေနဲ့ ရုန်းကန်မှုတွေမှာလည်း မတူညီကြ ပါဘူး။ ဒါတွေကို အသိအမှတ်ပြုပြီး အားလုံးလက်ခံနိုင်တဲ့ အခြေခံတစ်ခုတည်ဆောက်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို elite လို့ခေါ်တဲ့ နိုင်ငံရေးအထက်တန်းလွှာတွေအကြားမှာ လုပ်ဖို့လိုအပ်သလို ကွဲပြားတဲ့ အယူအဆရှိနေကြတဲ့ လူ့အဖွဲ့အစည်းတွေအကြား၊ နိုင်ငံ့ပြဿနာ ရှုမြင်မှု၊ အမြင်သဘောထား မတူညီသူတွေအကြား၊ အစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ယန္တရား ဖန်တီးတည်ဆောက်ပြီး အကောင်အထည်ဖော်ကြဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာလည်း နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ယန္တရားတစ်ခုဖြစ်ပါလိမ့်မယ်။


ဒီကနေ့ရထားတဲ့ အဆင့်ကနေ နောက်ဆက်လက်ပြီး အစိုးရသစ်အနေဖြင့် လက်ဆင့်ကမ်းပြီး ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် လုံလောက်တဲ့ အခြေခံကို ဒီကနေ့ဖွင့်ပွဲကစ၍ ၅ ရက်တာကာလ ကျင်းပမယ့် ညီလာခံပွဲကနေ ချထားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
နောက်တစ်ခုတင်ပြချင်တာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သေချာစေမှာဖြစ်ကြောင်းလည်း ထောက်ပြလိုပါတယ်။


ဖွဲ့စည်းပုံပြင်ဆင်ရာမှာလည်း အခြေခံလမ်းကြောင်းနှစ်ခုရှိပါတယ်။ လွှတ်တော်အတွင်း ပြင်ဆင်မှုလမ်းကြောင်းဖြစ်တဲ့ နိုင်ငံရေးအရတာဝန်ရှိသူများအကြား အခြေခံဥပဒေနှင့် အညီပါဝင်ပြင်ဆင်တဲ့လမ်းကြောင်းနဲ့ လွှတ်တော်ပြင်ပလမ်းကြောင်းလို့ ခေါ်လို့ရတဲ့ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်တဲ့အတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်သော နိုင်ငံရေးလမ်းကြောင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းကြောင်းနှစ်ခုကို ချိန်ခွင်လျှာညှိပြီး သွားမှသာ အမှန်တကယ် ပဋိပက္ခများချုပ်ငြိမ်းစေမယ့် နိုင်ငံရေးအဖြေရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း တပါတည်း အောင်မြင်စွာ တည်ဆောက်သွားနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။


နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ လက်ရှိအစိုးရနဲ့ အသစ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်ကိုသော်လည်းကောင်း၊ ညီအစ်ကိုတော်များဖြစ်တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မထိုးရသေးတဲ့ အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ ရွေးကောက်ခြင်းခံရသည်ဖြစ်စေ၊ ရွေးကောက်ခြင်း မခံရသည်ဖြစ်စေ တရားဝင်မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီများကိုသော်လည်း ကောင်း၊ ဒီမိုကရေစီရေးအတွက် လှုပ်ရှား၊ ရုန်းကန်တဲ့ ခရီးကြမ်းမှာ ပါဝင်ခဲ့ကြတဲ့ ကဏ္ဍပေါင်းစုံက သက်ဆိုင်သူများအားလုံးကို အလေးအနက်တောင်းဆိုလိုတာက ၂ဝ၁၆ နှစ်သစ်မှာ ဘယ်လိုပဲ စိန်ခေါ်မှုတွေ ရှိနေပါစေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေပြုတဲ့ လက်တွေ့ကျပြီး အားလုံးလက်ခံနိုင်တဲ့ အဖြေကို အတူတကွ ရှာဖွေကြပါ။ သမိုင်းတင် ကျန်ရစ်မယ့် ယခုတိုင်းပြုပြည်ပြု ညီလာခံကြီးမှာ တက်ကြွစွာပါဝင်ပြီး ညီညွတ်မှု အခြေခံဖြင့် ဆွေးနွေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။