၂၀၂၅ ခုနှစ်၊မတ်လ (၈) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ အတွင်း၌ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) မှ ဦးဆောင်ပြီး ၂၀၂၅ ခုနှစ်၊မတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ Family Planning, Gender based violence , Man Engagement, သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်း၊ ကာလ ဝမ်းရောဂါ တို့အား လူထုအသိပေး မျှဝေခြင်းများ ပြုလုပ်ခြင်းနှင့်အတူ Psycho social support နှင့် Women Voices (အမျိုးသမီး များအသံများအား) နားထောင်ခြင်းတို့ပြုလုပ်ခဲ့သည်။ ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ်၊ မတ်လ ၈ရက်နေ့ ကမ္ဘာ့အမျိုးသမီးများနေ့တွင်လည်း “ကျားမတန်းတူညီမျှရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်ချက်ကို အရှိန်မြှင့်တင်ပါ” ဟူသော ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအား အသိပညာပေး များပြုလုပ်ခဲ့သည်။
အဆိုပါ ၅ ရက်တာတွင် အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာများ၊ မိသားစုစီမံကိန်းအကြောင်း သိကောင်းစရာများနှင့် ပတ်သက်သော -သားဆက်ခြားခြင်း၏အရေးကြီးပုံနှင့် အကျိုးကျေးဇူးများ၊ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများ၊ ကာလ ဝမ်းရောဂါ အကြောင်း သိကောင်းစရာများအား အမျိုးသမီးများအား အသိပညာ ပေးခြင်းနှင့်အတူ အမျိုးသားများလည်း သိရှိနားလည်သဘောပေါက်သွားစေရန် လူထုပညာ ပေးခြင်း၊ အမျိုးသမီးများ တွေ့ကြုံခံစားရသည်များအား အပြန်အလှန်မျှဝေခြင်း များ ပြုလုပ်ခဲ့သည်။
ယနေ့ကျရောက်သော ကမ္ဘာ့အမျိုးသမီးများနေ့ (International Women’s Day) အားလည်း ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) မှ ဦးဆောင်၍ ကျင်းပခဲ့ပြီး အခမ်းအနားတွင် International Women’s Day ဖြစ်ပေါ်လာပုံသမိုင်းအား ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင်တစ်ဦးမှဖတ်ကြားခြင်း၊ ကမ္ဘာ့အမျိုးသမီးများနေ့သို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ ပေးပို့သော သဝဏ်လွှာအား KWO အဖွဲ့ဝင်တစ်ဦးမှ ဖတ်ကြားခြင်း၊ CEDAW (အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်) အကြောင်းအရာများကို ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) ဗဟိုမှ ကိုယ်စားပြု ဆရာမ တစ်ဦးမှ မျှဝေ ခြင်း၊ အမေးအဖြေ မေးခွန်းများ ဖြင့် ဗဟုသုတဖလှယ်ခြင်းနှင့်အတူ Eco-printing အား မိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
အခမ်းအနားအား ဒူးသထူခရိုင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန အတွင်းရေးမှူး ၊ဒူးသထူခရိုင် ဒုဥက္ကဋ္ဌ ၊ရိုကလား ကျေးရွာအုပ်စုမှူး ၊ KECD ဆရာမတစ်ဦး နှင့် KDHW ဆရာမတစ်ဦးတို့မှ တက်ရောက်ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပြီး လူဦးရေ (၁၅၀) ကျော် တက်ရောက်အားပေး ခဲ့သည်။