Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ-သထုံခရိုင်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး အခက်အခဲများစွာရှိနေ


၂၀၂၂ ခုနှစ်၊ မေလ ရက်၊၆ ကေအဲန်ယူ ဗဟို
အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်းတွင် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ အတွင်းသို့ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်း၌ ဒေသခံစစ်ဘေးရှောင်ဦးရေ တစ်သောင်း(၁၀၀၀၀) ကျော်အထိ ရှိလာခဲ့သည်။
"စစ်ဘေးရှောင်တွေက များလာတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်၊ အိမ်မှာလည်း ပြန်မယူရဲကြတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေတော့လိုအပ်တယ်၊ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲလည်းရှိတော့ တစ်ချို့လည်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတယ်"ဟု စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက စစ်ဘေးရှောင်များ၏ လက်ရှိအခြေအနေကိုပြောပြသည်။
လက်ရှိအခြေအနေတွင် ကေအဲန်ယူ-သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီမှ ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များ နှင့် ချိတ်ဆက်ကာ ဒေသခံ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ စောင့်ရှောက်မှုများ ရှိသော်လည်း စစ်ဘေးရှောင်ဦးရေ ယခင်ကထက် ပိုများလာသဖြင့် ဆေးဝါး၊ သောက်သုံးရေနှင့် အခြေခံ စားသောက်ကုန်များ လိုအပ်နေသေးကြောင်းသိရသည်။
ကေအဲန်ယူ-သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအား မြို့နယ် (၄) မြို့နယ်၊ အထူးဒေသတစ်ခုဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအရ သထုံ၊ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို မြို့နယ် (၄)ခုစလုံးတွင် စစ်ရေးတင်းမာလျှက်ရှိသည်။
ထို့အပြင် သထုံခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များမှ ဒေသခံပြည်သူများကို နှိပ်စက်ညှင်းပန်းခြင်း၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ အရပ်သားပြည်သူများကို စစ်ယူနီဖောင်းဝတ်ဆင်စေပြီး စစ် ရေးအရ လိမ်လည်အသုံးချခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျှက်ရှိသည်။