Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက အနီးရှိရွာ(၂) ရွာအား ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟုခမရ-အမှတ် (၉) တပ်ရင်းမှူးခြိမ်းခြောက်။ လက်နက်ကြီးများ ဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ရက်၊ ကေအဲန်ယူ - ဗဟို
KNU မှထိန်းသိမ်းထားသော အာဏာသိမ်း စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေး ကျေးရွာ (၂) ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု ခမရ အမှတ် (၉) တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုကြောင်းသိရသည်။
ဇွန်လ (၁) ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ (၂) ဦးတို့သည် ထုံးဘို ကြီး ကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်း ထောက်လှမ်းနေစဥ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်
(KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ဇွန် (၂) ရက် နံနက် (၅) နာရီခွဲခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLA တပ်ဖွဲ့တို့ ဝီယော်ကျေးရွာ အနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၆)ဦးသေကာ (၅)ဦး ဒဏ်ရာရ၍ စစ်ကောင်စီတပ်များ အမှတ် (၉) စခန်းသို့ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။
ထို့နောက် စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက်နက်ကြီးအချက် (၅၀)ကျော် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် (၇၀) အရွယ်အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် (၂) လုံးပျက်စီး၍ အိမ်မွေးဝက် (၁) ကောင်သေဆုံးခဲ့သည်။
"ဇွန်လ (၂) ရက်နေ့ကစပြီး ခမရအမှတ် (၉) ဝီယော်စခန်းမှာ လက်နက်ကြီး (၅) လတ်လောက် တစ်ပြိုင်ထဲပစ်တာ တစ်ရက်ကို အချက် (၅၀) ကျော်မယ် ဒီနေ့ ဇွန်လ (၄) ရက်နေ့ထိပဲ၊ အခုလည်း ပစ်နေတုန်းပဲ"ဟု ဒေသခံတစ်ဦးမှပြောသည်။
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ လက်နက်ကြီးများဖြင့် ထုံးဘိုလေးကျေးရွာ နှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ အဆက်မပြက်ပစ်ခတ်နေမှုများကြောင့် ဒေသခံ ရွာသူရွာသားများ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
photo-စစ်ရှောင်ဒေသခံများ