Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား နှစ်ရက်အတွင်း ထိပ်တိုက် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား


ဇွန်လ ၂၇ ရက် ၂၀၂၂ ခုနှစ် ကေအဲန်ယူ ဗဟို

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ( ၇ ) နာရီ ခန့်အချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာ ကြားတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးခဲ့သည်။ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ အင်းနက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်။

ထို့ပြင် ညနေ ( ၆ ) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြည့်နှင့် စစ်ကား(၅)စီးကို ညောင်ဝိုင်းကျေးရွာတွင် တပ်များလာရောက် ချထားခဲ့ပါသည်။ ၎င်းစစ်ကား (၅) စီးသည် ပဲနွယ်ကုန်းဘက်မှ လာသည်ဟုသိရပြီး မုန်းဘက်တွင်လည်း လက်နက်အပြည့်အစုံနှင့်လူအင်အားအပြည့်ဖြင့် (၆)စီးထွက်လာပြီး ငဗြက်အင်းကျေးရွာသို့ ဝင်ရောက်လာ ကြသည်။

ဇွန်လ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်တွင်လည်း ငဗြက်အင်းကျေးရွာနှင့် အင်းနက်ကျေးရွာကြားတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင်(၁၄)ဦးသေဆုံးခဲ့သည်။ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အင်းနက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

ဇွန်လ (၂၅) ရက်နေ့ ညနေ (၅) နာရီခန့်အချိန်တွင်လည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာအရှေ့ဘက်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်။ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ (၅) နာရီ (၅၀) မိနစ်ခန့်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ရန်မျိုးအောင်ကျေးရွာတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ထိုရန်မျိုးအောင်ရွာမှာ ယခင် ညောင်လေးပင်ခရိုင် အတွင်း ဖြတ်လေးဖြတ်ကာလတွင် စစ်တပ်မှ ဘေးပတ်ဝန်းကျင်ရွာများအား အတင်းအဓမ္မ ပြောင်းရွေ့စုစည်းနေထိုင်စေခဲ့သည့် ကျေးရွာလည်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့ ၂ ရက်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ စုစုပေါင်း (၁၉) ဦးသေဆုံးကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှုမရှိပါ။ ယခုလို ထိပ် တိုက် တိုက်ပွဲဖြစ်ပွားရခြင်းမှာ ကေအဲန်-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော် စစ်ရေး လှုပ်ရှားလာသော ကြောင့် ဖြစ်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် တာဝန်ရှိသည်နှင့် အညီ ကျူးကျော်ဝင်ရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ညောင် တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း စသည့်ကျေးရွာပေါင်း (၁၂)မှ အိမ်ခြေ (၁၈၈၇)လုံးနှင့် လူဦးရေ (၁၀၅၂၆)ဦးတို့မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ယင်းပစ်ခတ်မှုကြောင့် ပြည်သူလူထု(၅)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူလူထု၏နေအိမ်များ၊ ကျေးရွာအဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများလည်းရှိသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာပြည်သူလူထုများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းကာ ကယ်ဆယ်နေရာချထားခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေလျက်ရှိသည်။

ထို့အပြင် ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင်လည်း နံနက် ၃ နာရီ အချိန်မှစ၍ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်များသည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများ စတင်ပစ်ခတ်လျက်နှင့်ရှိပါသည်။