Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စခန်းချပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိ


ဩဂုတ်လ(၁၆)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့မှ ယခုအချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး (၁၂၀)မမဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာပြည်သူလူထုများ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ (၁၇၂၅၇) ဦးအထိ တိုးလာ ခဲ့ပါသည်။

ဩဂုတ်လ (၁၃) ရက်နေ့ ည (၁) နာရီ အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ သမင်အင်းကုန်းကျေးရွာသို့ ကား (၈) စီးဖြင့် ဝင် ရောက် လာခဲ့သည်။ ၎င်းကား (၈) စီးတွင် လှေ (၁၀) စင်းနှင့် လက်နက်ကြီးများ တင်ဆောင်လာခဲ့သည်။ ထို့နောက် သမင်အင်းကုန်းကျေးရွာတွင် (၆၀)မမ(၁)စင်း၊ (၈၁)မမ(၂)စင်းနှင့် (၁၂၀) မမ(၂)စင်း စုစုပေါင်း လက်နက်ကြီး(၅)စင်း နေရာချထားခဲ့သည်။ နံနက်(၈)နာရီ မိနစ်(၂၀)မှ (၉)နာရီအထိ လက်နက်ကြီး(၁၂၀)မမဖြင့် အလုံးရေ (၂၀)ကျော်ကို စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ စတင်ပစ်ခတ်ခဲ့သည်။ (၉)နာရီနောက်ပိုင်းတွင် ပစ်ခတ်သည့်အလုံးရေကို အတည်ပြုနိုင်ခြင်း မရှိပါ။ ထိုသို့ပစ်ခတ်ရာတွင် ညနေ(၄)နာရီ မိနစ်(၄၀)တွင် ကရင် ကျွန်းကြီးကျေးရွာရှိ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းတွင် (၁၂၀)မမ တလုံးကျခဲ့ပြီး ည(၈)နာရီ (၅၆)မိနစ်အချိန်တွင် ရွာဘေးတွင် နောက်ထပ်တစ်လုံးကျခဲ့သည်။ လက်နက် ကြီးကျရောက်သည့်နေ့ရာတွင် ထိခိုက်ပျက်စီးမှုမရှိပါ။

ဩဂုတ်လ(၁၄)ရက်နေ့တွင်လည်း လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့ပြီး နံနက်(၇)နာရီ (၅၆)မိနစ်တွင် ကျောက်စရစ်ကျေးရွာသို့ (၁၂၀)မမ (၂)လုံးကျခဲ့သည်။ ထို့နောက် (၈)နာရီမိနစ် (၂၀) တွင် အင်တိုင်းကုန်းကျေးရွာသို့ (၁၂၀)မမ (၂)လုံးကျခဲ့ပြီး (၈)နာရီ(၃၉)မိနစ်တွင် ပဲသောင်ကျေးရွာဘေးတွင် (၁)လုံးကျခဲ့သည်။ ဩဂုတ်လ(၁၄)ရက်နေ့တွင် ၎င်းတို့ပစ်ခတ်သည့် လက်နက် ကြီးအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။ ထို့အပြင် ဩဂုတ်လ(၁၄)ရက်နေ့တွင် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်များမှ စစ်ဘေးရှောင်ပြည်သူများကို သွားရောက် တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက် မှုအတွက် ဆေးဝါးကုသပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဩဂုတ်လ(၁၅)ရက်နေ့တွင် နံနက်ပိုင်းတွင် သမင်အင်းကုန်းတွင် ချထားသည့် လက်နက်ကြီး(၅)စင်းအနက် (၁၂၀)မမ(၂)စင်းနှင့် (၆၀)မမ (၁)စင်းကို နတ်သံကွင်း တံတားထိပ်တွင် ပြန်လည် နေရာချထားခဲ့သည်။ ထို့နောက် ထိုနေရာမှ (၈)နာရီ(၅၈)မိနစ်အချိန်တွင် ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်ရာတွင် ကျွဲတလင်းကျေးရွာ ဗုဒ္ဓဘာသာ ဘာသာ ရေးကျောင်းအနီးအတွင် တစ်လုံးကျခဲ့ပြီး ထိုက်ထူကျေးရွာအနောက်ဘက်တွင် တလုံးကျခဲ့သည်။ ထိုပစ်ခတ်မှုတွင်လည်း ထိခိုက်ပျက်စီးမှုမရှိပါ။

ဩဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် ဒိုးတန်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာတွင် စခန်းချသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ပြန်လည်ထွက်ခွာပြီး တခြား နေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။ ရွှေ့ပြောင်းသွားသည့် နေရာကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ဩဂုတ်လ(၁၃)ရက်နေ့မှစပြီး စစ်တောင်း မြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် တစ်နေရာလျှင် နှစ်ရက်သုံးရက်ကြာ စခန်းချပြီး နောက်ထပ်တစ်နေရာသို့ ရွှေ့ပြောင်းခြင်းများ ပြုလုပ်ကြသည်။ ၎င်းတို့သည် အတည်တကျစခန်းချခြင်း မရှိပါ။

ဩဂုတ်လ(၇)ရက်နေ့မှ (၁၅)ရက်အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒိုးတန်းကျေးရွာတွင် (၉)ရက်ကြာ စခန်းချသည့်အချိန်တွင်း ဒိုးတန်းကျေးရွာရှိ ကျေးရွာပြည်သူလူထုများ ရွာလုံးကျွတ်ထွက်ပြေးခဲ့ ကြသည်။ ဩဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် မိမိတို့၏ ကျေးရွာမှ ထွက်ခွာပြီးနောက် ကျေးရွာပြည်သူလူထု အချို့ ရွာတွင်းသို့ ပြန်လည်ဝင်ရောက် လာကြသည်။

ထို့အပြင် ဩဂုတ်လ(၇)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးတန်းကျေးရွာမှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ ဖြတ်ကူး လာပြီး လိန်ပင်ကျေးရွာသို့ ဝင်ရောက်သည့်အချိန်တွင် ကျေးရွာပြည်သူလူထုများ၏ နေအိမ်များကို မွှေနှောက်ဖျက်စီးခဲ့သည်။ ၎င်းတို့သည် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသို့ မဖြတ်ကူးမှီ လိန်ပင်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီးဖြစ်သည်။ ထိုသို့လုပ်ရပ်များကြောင့် ပြည်သူလူ ထုများ ၏ ဘဝလုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ယူရသော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA-တပ်ရင်း(၉)နှင့် ကရင့်ကာကွယ်ရေးတပ်ဖွဲ့ KNDO-တပ်ရင်း(၃)တို့မှ ဩဂုတ် လ (၁၁)ရက်နေ့တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ စစ်တောင်းမြစ် အနောက်ခြမ်းရှိ ဒိုးတန်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ထိုသို့ ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာပေါင်း(၄၀)အထိတိုးလာပြီး ‌‌စစ်ဘေးရှောင်ဦးရေ (၁၇၂၅၇)ဦး အထိတိုးလာခဲ့သည်။