Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
လေးကေတွင် တပ်စွဲထားသော အရက်မူးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ညလူခြေတိတ်ချိန်တွင် ကျေးရွာအတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ ကေအဲန်ယူ-ဗဟို

ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေ ကျေးရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ (စကခ-၈ လက်အောက်ခံ၊ ခမရ-၄၁၀)တပ်ဖွဲ့မှ အရက်အလွန် အကျွံသောက်သုံးကာ စက်တင်ဘာလ (၄) ရက်နေ့ ည၉နာရီ ဝန်းကျင်တွင် ကျေးရွာအတွင်းဝင်ရောက်ကာ သေနတ်များဖြင့် ပစ်ခတ်သဖြင့် လူနေအိမ် (၃) လုံးထိမှန်ပျက်စီးခဲ့သည်။

ယခုပစ်ခတ်မှုအား လေးကေစစ်ကောင်စီ စခန်းမှူး ဥာဏ်လင်းအောင်မှ ဦးဆောင်ကာ သေနတ် (၅) လက်ဖြင့် လူနေအိမ်များဆီသို့ ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်နေစဥ် ဆဲဆိုကြိမ်း မောင်းမှုများ နှင့် တစ်ရွာလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလည်းရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။

"သူတို့လာပစ်တဲ့အအချိန်က ရွာသားတစ်ချို့လည်းအိပ်နေပြီ၊ ည (၉) နာရီဝန်းကျင်လောက်ကပါ၊ လက်နက်ငယ် (၃)လတ်၊ စက်သေနတ် ၁လတ်နဲ့ (79) လောင်ချာတစ်လတ်ပါတယ်၊ မူးလည်း မူးနေကြတယ်၊ လူအင်အားက ၁၀ယောက်ကျော်လောက်ရှိမယ်၊ ရွာသားတွေကို မင်းတို့ရွာကKNU ကိုထောက်ပံ့တဲ့လူတွေ၊ KNUဆွေမျိုးတွေ၊ ရွာကိုမီးရှို့မယ်" ဟု ဥာဏ်လင်းအောင် မှပြောကြောင်းမြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်နေစဥ် ရွာသူရွာသားများမှာကြောက်လွန်း၍ အိမ်ခန်းများအတွင်း ဝမ်းလျှားမှောက်ကာ ဝပ်နေကြရပြီး ကံကောင်းထောက်မစွာ ရွာသားများထိခိုက်မှုမရှိသော်လည်း နေအိမ်အကာပျဥ်ချပ်များနှင့် အိမ်တွင်းပစ္စည်းများ ထိမှန်ပျက်စီးမှုများရှိခဲ့သည်။

လေးကေကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ (စကခ ၈- ခမရ ၄၁၀) တပ်မှ စက်တင်ဘာလ (၁)ရက်နေ့က စခန်းကိုအခိုင်အမာ တည်ဆောက်ရန် လေးကေရွာ၊ သူးကဘီးရွာနှင့် မြစ်ကျိုးရွာသားများထံ သစ်၊ ဝါးများ အဓမ္မတောင်းယူမှူများလည်းရှိခဲ့သည်။

သြဂုတ်လ (၃၀) ရက်နေ့ကလည်း နယ်မြေခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင့်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေး အင်အားစုများ နှင့် လေးကေ စခန်းသို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသော (စကခ ၈-ခမရ ၄၁၀)စစ်ကောင်စီတပ်ဖွဲ့များ အကြားထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဖက်မှ (၆) ဦးသေ (၂)ဦး ဒဏ်ရာရ ခဲ့သည်။