Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ−ဆောထိမြို့နယ်အုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်များ ကျူးလွန်ခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများ


ဒီဇင်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိမြို့နယ်၌ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁)လတာအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူလူထုများ သေဆုံးရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် စစ်ဘေးရှောင်ရခြင်းများ ရှိခဲ့သည်။

ကေအဲန်ယူ−ဆောထိမြို့နယ်တွင် နိုဝင်ဘာလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ညောင်လေးပင် အခြေစိုက် တပ်စခန်း၊ ပုဇွန်မြောင်းတာပျက်၊ ရွှေကျင်၊ မုက္ခမူ၊ သံဆိပ် စခန်းတွင်နေသော ခမရ-၂၀နှင့် ခလရ-၇၅၊ မြစ်ကျွန်းနှင့် ဇလုပ်ကြီးတွင်နေသော ခမရ-၅၉၈၊ ကွင်းဆိပ်တွင် နေသော ခမရ-၃၅၁၊ ဒုံဇရစ်တွင်နေသော ခမရ-၅၈၉နှင့် ပိန်းဇလုပ်အခြေစိုက်တပ်စခန်းမှ ခလရ-၂၆၄ တို့သည် ၁၅၅မမ၊ ၁၂၂မမ၊ ၁၂၀မမ၊ ၈၁မမ၊ ၆၀မမ အစရှိသည့် လက်နက်ကြီးများကို ကျေးရွာတွင်းသို့ အကြိမ်ရေစုစုပေါင်း (၂၅)ကြိမ်နှင့် အလုံးရေစုစုပေါင်း(၈၆)လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် (၁)ထောလူခို၊ (၂)ဝိုင်ကျွန်း၊ (၃)ရေဖြူကန်၊ (၄)ပျဉ်ရေ၊ (၅)ဂွေးကုန်း၊ (၆)ကောက်မယ့်သူ၊ (၇)ချုံအင်း၊ (၈)ချောင်းဝ၊ (၉)ကွင်းဒလကြီး၊ (၁၀)ဝိုင်သစ်ဆိပ်၊ (၁၁)ပျဉ်ရေကြီး၊ (၁၂)သက်ကယ်ကုန်း၊ (၁၃)ညောင်ပင်ကြီး၊ (၁၄)ဝိုင်မင်္ဂလာကုန်း၊ (၁၅)ကျုံချောင်၊ (၁၆)သရက်သမင်၊ (၁၇)ကျုံကျိုက်၊ (၁၈)အင်းဗလာ၊ (၁၉)ကွီးစယ်လော် စသည့်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ (၂)ဦးနှင့် နွား(၂)ကောင်သေဆုံးပြီး ပြည်သူ (၃)ဦး နှင့် နွား(၁)ကောင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။ ချောင်းဝကျေးရွာမှ အသက်(၅၂)နှစ်ရှိ ဦးမင်းနိုင်သည် ကျည်စထိမှန်သေဆုံးခဲ့ရကာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး တုန်ခါမှုကြောင့် ဝိုင်သစ်ဆိပ်ကျေးရွာမှ အသက် (၅၄)နှစ်ရှိ ဒေါ်တင်ဌေး(ခ)ဒေါ်ပဲသီး နှလုံးရပ်ပြီး သေဆုံးခဲ့ရသည်။ ဂွေးကုန်းကျေးရွာမှ မောင်ချစ်ချစ် (၇)နှစ်၊ မခင်ပပဝင်း (၁၈)နှစ်၊ ဒေါ်ချိုဝင်း(၅၄)နှစ် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ ပျဉ်ရေကြီးကျေးရွာမှ ကိုမော်ကြီး၏ နွား(၂)ကောင် ကျည်စထိမှန်သေဆုံးပြီး (၁)ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ဂွေးကုန်းကျေးရွာမှ ဦးသားချို၊ ဦးမောင်ငင်၊ ဦးလှကြည်၊ ဦးဖိုးရှား၊ ဦးသန်းဌေး၊ ဦးလှမြင့်၊ ဦးရဲမြင့်၊ ကိုသန်းဌေးအောင်၊ ဦးညီညီနှင့် ချုံအင်းကျေးရွာမှ ဖွားသောင်းတင် တို့၏နေအိမ်များ စုစုပေါင်း(၁၀)လုံး ပျက်စီးခဲ့ရသည်။ ဦးလှမြင့်၏ ဆိုင်ကယ်(၁)စီးနှင့် ကိုသန်းဌေးအောင်၏ ဓာတ်ဆီအင်ဂျင်စက်(၁)လုံးလည်း ပျက်စီးခဲ့ရသည်။ကလောသို့းခီး(ကျားချောင်း)၊ ထီးခေးလော်၊ ထိုခေးပူ(အောက်ချင်း)၊ ဝါးတောကြီးနှင့် ကျောက်တန်း စသည့်ကျေးရွာတွင်းသို့ လေယာဉ်ဖြင့်(၉)ကြိမ် ပစ်ခတ်ပြီး ကျောက်တန်းကျေးရွာမှ အသက်(၆၅)နှစ်ရှိ ဒေါ်ခင်ထွေး သေဆုံးခဲ့ရပြီး ဒေါ်ခင်ထွေး၊ ဦးစိုးသူအောင်နှင့် ဒေါ်တင်အေး တို့၏ နေအိမ်စုစုပေါင်း(၃)လုံး ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပျဉ်ရေရွာသား ဦးထွန်းလှကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ဖမ်းဆီးထားပြီး နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးထားချိန်တွင် ကေအဲန်ယူနှင့် ပတ်သက်သည့် အကြောင်းအရာများကို စစ်ဆေးမေးမြန်းခဲ့သည်။ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ခမရ-၃၅၁သည် ကျုံကျိုက်ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး အသက်(၁၇)နှစ်ရှိ နေလင်းချစ်နှင့် ထူးခန့်ကျော်၊ အသက်(၃၀)နှစ်ရှိ စိုးဝင်းသန့် စုစုပေါင်း(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်တွင် ၎င်းပြည်သူ(၃)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ဗိုလ်မှူးအဆင့်ရှိသူ မျိုးဝင်းထွန်းမှဦးဆောင်သော သံဆိပ်စခန်းမှ ခလရ-၇၅သည် သံဆိပ်ကျေးရွာအုပ်စုရှိ အိမ်တိုင်းကို စခန်းတွင်းသို့ ခေါ်တွေ့ပြီး တစ်အိမ်လျှင် ကျပ်(၅)သောင်း၊ ရော်ဘာခြံသေးတစ်ခြံလျှင် ကျပ်(၅)သောင်း၊ ခြံကြီးတခြံလျှင် ကျပ်(၁)သိန်းဆီ ပေးဆောင်ခိုင်းပြီး ကျေးရွာပြည်သူလူ ထုများ လည်း ကြောက်ရွံ့စိတ်ကြောင့် တောင်းခံထားသည့်ငွေအတိုင်း အပြည့်အဝပေးဆောင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ တနှစ်တာအတွင်း ကေအဲန်ယူ-ဆောထိမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်း အစရှိသည့် လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်မှုများကြောင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၁၁) အုပ်စုမှ ကျေးရွာပေါင်း (၃၁)ရွာ မှ လူဦးရေစုစုပေါင်း (၂၉,၈၁၂)ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ရသည်။

ထိုကျေးရွာများမှာ အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက်၊ အင်းပုဝါ၊ အထက်မိုးခို၊ ဂွေးကုန်း၊ ချုံအင်း၊ ကောက်မယ့်သူ၊ ပျဉ်ရေကြီး၊ ဝိုင်၊ အောပလား (အင်းဗလာ)၊ ဘဲသဒေါ်ခေါ်(ပုဇွန်အိုင်)၊ ထမင်းရုံ၊ ကိုကာ(ချောင်းကျိုး)၊ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ခလယ်ကွီး(ညောင်အိုင်)၊ သက္ကယ်ကုန်း၊ စပ်စု၊ စံဖဲ၊ ညောင်ပင်ကြီး၊ ညောင်ပင်ကြီးရွာသစ်၊ ဆောဆေး(သံဆိပ်)၊ သံဆိပ်ရွာမ၊ ဖောကား(ပန်းအင်း)၊ အင်္ဂနီ/ကျောက်တန်း၊ ထီးခေးလော်၊ ကွီးစယ်လော်၊ ကလောသိုးခီး(ကျားချောင်း)၊ ထိုခေးပူ(အောက်ချင်း) စသည့်ကျေးရွာများဖြစ်သည်။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။