Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

တၢ်မုၥ်တၢ်ခုၣ်တၢ်လဲၤကျဲ

Lt. Gen; Yar Pyae, Closing speech at UPC-21st Century Panlong Fourth Session

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ကြွရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်များ လွှတ်တော် ကိုယ်စားလှယ်ဝင်များ တပ်မတော်အရာရှိကြီးများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသား ကိုယ်စားလှယ်များ အသိပညာရှင် အတတ်ပညာရှင်များ အားလုံး နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သ ဂါဝရပြုအပ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်တဲ့အတွက် ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလွန်ကို ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်း (၃) မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဘယ်လို ရှေ့ဆက် ဆောင်ရွက်သွားမလဲဆိုတာ ကျွန်တော်တို့ သဘောတူနိုင်ခဲ့တာ ဖြစ်ပါတယ်။ NCA ကို ဘယ်လို အကောင်အထည် ဖော်ဆောင်ရွက်သွားမလဲ ဆိုတဲ့ အချက်တွေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ပုံဖော်မယ့် အဆင့်လိုက် လုပ်ငန်းစဉ်တွေ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကို ၂၀၂၀ အလွန်မှာ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နိုင်မယ့် အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ နှစ်ဖက်ကြားမှာ သဘောတူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ အရေးပါတဲ့ ဖက်ဒရယ်လမ်းမူ အခြေခံ (၅) ချက်ကိုလည်း သဘောတူနိုင်ခဲ့ပါတယ်။ ဒီလိုသဘောတူညီချက်တွေ ရရှိအောင် နှစ်ဖက် ဆွေးနွေးမှုတွေ အချင်းချင်းကြားမှာ နားလည်မှုရအောင် စိတ်ရှည်သည်းခံပြီးတော့မှ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ရသလို အဖွဲ့အစည်းအတွင်းမှာရော မိမိတာဝန်ခံတဲ့ အဖွဲ့အစည်းတွေမှာ ရှိတဲ့ အကဲစပ်တဲ့ အကြောင်းအရာတွေ အကျိုးစီးပွားတွေကိုလည်း သတိထား ညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် နှစ်ဖက်ကြားမှာ အစိုင်အခဲနဲ့ တည်ရှိနေတဲ့ စိုးရိမ်မှုတွေ မယုံကြည်မှုတွေကို လျှော့ချ ဖြေရှင်းနိုင်တယ်ဆိုတာ ကောက်ချက်ဆွဲလို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မည်ကဲ့သို့သော အကြောင်းအရာနှင့်မှ ကျွန်တော်တို့ ဆွေးနွေးပွဲကနေ ထွက်ခွာမသွားသင့်ဘူးလို့ ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြလိုပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အချက် သုံးချက် တင်ပြလိုပါတယ်။ ပထမ အချက်အနေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမယ့် အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဆက်လက် ညှိနှိုင်းရမယ့် အကြောင်းအရာတွေက ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်သလို စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု ပုံဖော်နိုင်မယ့် အခြေခံ အကြောင်းတရားတွေ များစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကွဲပြားစေတဲ့ မျိုးစေ့တွေ မပါရှိအောင် လက်ရှိအနေအထားကို ကျော်လွန်ပြီးတော့မှ အနာဂတ်ကို မျော်မှန်းကြည့်ရှုနိုင်တဲ့ ဆင်ခြေတုန်တရားနဲ့ သတိထား ဆောင်ရွက်သွားကြဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ အတိတ်က ကျွန်တော်တို့ ကွဲပြားစေတဲ့ မျိုးစေ့တွေကြောင့် ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာ မယုံကြည်မှုတွေ လက်နက်ကိုင် ပဍိပက္ခတွေ လက်နက်ကိုင် တောင်းဆိုမှုတွေက ယနေ့ထက်တိုင် ဖြစ်ပွားနေတာဟာ ကျွန်တော်တို့ ပကတိ အမှန်တရားပဲ ဖြစ်ပါတယ်။ အဲ့ဒီ ပဍိပက္ခတွေကြောင့်ပဲ စားဝတ်နေရေးတွေ ခက်ခဲ ဒုက္ခရောက်ခဲ့ရတယ်။ အနာဂတ်ကို ပုံဖော်မယ့် တိုင်းရင်းသားလူငယ်တွေရဲ့ ပညာရေးတွေများစွာ နောက်ကျခဲ့ရတယ်။ ဒေသဖွံ့ဖြိုးတိုးတက်မှုကနေပြီးတော့ အလှမ်းဝေးနေတာကို ခံစားနေတာကို တွေ့ရပါတယ်။ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုအဖြစ် အစိုးရ အဆက်ဆက်ဟာ အခက်အခဲ အမျိုးမျိုးကြားက ကြိုးစားပုံဖော်ခဲ့ကြပါတယ်။ အပြည့်အစုံ ရုပ်လုံး မဖော်နိုင်ပေမယ့်လည်း အချုပ်အခြာ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအဆင့်အတန်းကနေ ကျွန်တော်တို့ ကျဆင်းမသွားအောင် တိုင်းရင်းသားပြည်သူလူထုက သတိရှိရှိနဲ့ ထိန်းသိမ်းရန် လိုအပ်သလို လက်ရှိတည်ရှိမှုကို ယိမ်းယိုင်မသွားစေနိုင်တဲ့ ဟန်ချက်မညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သတိထား ဆောင်ရွက်ဖို့လိုအပ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံ ပထဝီအနေအထား တည်ရှိမှုနဲ့ ဆက်စပ်စီးဆင်းနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ လူဦးရေများပြားတဲ့ နိုင်ငံကြီးတွေကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။ တူတူပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာလည်း ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ အခြေပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နယ်မြေတည်တံ့မှု အချုပ်အခြာအာဏာ ခိုင်မြဲမှုဟာ အတိုင်းအတာ တစ်ခုထိ ဆက်စပ်ပတ်သက်နေတဲ့ အတွက် မသိလိုက် မသိဖာသာနဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးတာမျိုး မဖြစ်ရအောင် သတိထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ တတိယတစ်ချက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ သဘောတူညီချက်ပေါ် မူတည်ပြီး တည်ဆောက်သွားမယ်လို့ NCA မှာ ပဋိဉာဏ်ခံပြီ ဖြစ်ပါတယ်။ သို့သော်လည်း NCA နဲ့ ဆက်နွယ်တဲ့ ဆွေးနွေးပွဲတွေမှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်မှုမှာ အတူတကွ ပါဝင်ဆောင်ရွက်ဖို့ ဘာတွေလိုအပ်နေသလဲ။ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ပဍိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ ဆိုတဲ့ အယူအဆအရ မှန်ကန်တဲ့ သာတကတွေ ရှိနေပါလျက် ဘာကြောင့် လက်နက်ကိုင် တောင်းဆိုနေသလဲဆိုတဲ့ အခြေခံအကြောင်းတရားတွေကို ဖော်ထုတ်ပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အသိုင်းအဝိုင်းအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်လာအောင် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့သော အကြောင်းတရားနှင့်မျှ ရပ်တန့်နှောင့်နှေးမှု မရှိအောင် ကြိုးစားဆောင်ရွက်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက်ခံယူပြီး အောင်မြင်ပြီးမြောက်အောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ အားလုံးဟာ တူညီတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာလည်း တွေ့ဆုံဆွေးနွေးမှုတွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဆွေးနွေးမှုတွေ ရပ်တန့်မသွားအောင် အချိန်ဇယားသတ်မှတ်ထားဖို့ လိုအပ်ကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။