Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ အဓမ္မဖယ်ရှားခိုင်းနေ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ရက်၊ ကေအဲန်ယူ-ဗဟို
အာဏာသိမ်း စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ (၂၈-၄-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားခိုင်းနေပြီး လိုက်နာမှုမရှိပါက တရားစွဲဆိုခြင်းခံရမည်ဟု စာပို့ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။
စစ်ကောင်စီက တရားမဝင် နေအိမ်၊ အဆောက်အဦးများ ဆောက်လုပ်နေထိုင် သည်ဟုဆိုကာ ဖယ်ရှားခိုင်းစေခြင်းခံရသော အိမ်ခြေနှင့် ဈေးဆိုင်ပေါင်း (၄၀)လုံးရှိပြီး ထိုလမ်းဆုံ၌ နေထိုင်သည့် ဒေသခံပြည်သူ စုစုပေါင်း (၂၂၄)ဦး နေအိမ်ဆုံးရှုံးရမည့်အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
"ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက ပေကြိုးတွေနဲ့ လမ်းမနဲ့ဆိုင် အကွာအဝေးကို လာတိုင်းသွားတယ်၊ ဟိုးအရင်ကတည်းက ဒီလမ်းဆုံမှာပဲ ဈေးရောင်းရင်း အသက်မွေးတာ၊ အခု ကျူးကျော်လို့ သက်မှတ်ပြီးဖယ်ခိုင်းတယ် မဖယ်ရင်တရားစွဲခံရမယ်ပြောတယ်"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သတ်၍ ကေအဲန်ယူ-ဖားအံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက "အရင်က ဒီပြည်သူတွေ နေလာတာကြာပြီ၊ သူတို့ဖက်က ဖယ်ရှားခိုင်းတာမျိုးမရှိဖူးဘူး၊ အခု KNU တပ်ဖွဲ့တွေနဲ့ ဝါးဘိုးတော ရဲစစ်ဆေးရေးစခန်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီးမှ အခုလိုလုပ်တယ်ဆိုတာက စစ်ကောင်စီအနေနဲ့ KNUက သူတို့ကိုပစ်ရင် သူတို့ဖက်က ပြည်သူကို ပြန်ပြီးဒုက္ခ ပေးမယ်ဆိုတဲ့သဘောပဲ၊ KNUက လူထုကို ငဲ့ညှာပြီးတော့ စစ်ကောင်စီကို မပစ်ရဲအောင် လုပ်တာပဲ" ဟု ပြောသည်။
ဝါးဘိုးတောကျေးရွာသည် ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ် ထိန်းချုပ်နယ်မြေအတွင်းတည်ရှိ၍ ဧပြီလ (၁၉)ရက်နေ့က ဝါးဘိုးတောလမ်းဆုံ အာဏာသိမ်းစစ်ကောင်စီ ရဲစစ်ဆေးရေးဂိတ်နှင့် KNU-KNLA တပ်မဟာ(၁) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ လမ်းဦးစီးဌာနမှ ယခုကဲ့သို့ နေအိမ်နှင့် ဆိုင်တန်းများကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားရန် ခိုင်း စေခဲ့ခြင်းဖြစ်သည်။