Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးပစ်ချပြီး အင်အားတိုးချဲ့


ဇွန်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀-မမကို ပစ်ချခဲ့သည်။ ယနေ့နံနက်(၉)နာရီ (၁၀)မိနစ်အချိန်မှစ၍ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်တောင်မြစ်အနောက်ဘက်ကမ်းရှိ အင်းပရိကျေးရွာတွင် အခြေစိုက်ကာ စစ်တောင်း မြစ်အရှေ့ဘက်ခြမ်းရှိ လိန်ပင်ဝဲကျေးရွာသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်။ ပစ်ချသည့် အလုံးရေ အရေအတွက်ကို အတိအကျမသိရှိရပါ။ ယင်းပစ်ခတ်မှုကြောင့် လိန်ပင်ဝဲကျေးရွာနေ ဦးမောင်ထွန်းဦး၏ နွားတစ်ကောင် ထိမှန်သေဆုံးခဲသည်။ ယင်းပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၅၉)လုံးနှင့် လူဦးရေ(၁၁၈၄)ဦးရှိသော လိန်ပင်ဝဲကျေးရွာမှ ပြည်သူလူထုများ နေရပ်စွန့်ခွာပြီး ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ရသည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းပရိကျေးရွာမှ လိန်ပင်ဝဲကျေးရွာသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ပြီး ပိန်းဇလုပ်မြို့မှ အလယ်ကျွန်းကျေးရွာသို့ ၎င်းတို့၏ စစ်အင် အားတိုးချဲ့ခဲ့သည်။ အလားတူပင် အင်အားဖြည့်တင်းရန်အတွက် မုန်းဘက်မှ ကျောက်ကြီးမြို့သို့ စစ်ကား(၇)စီး ဝင်ရောက်လာခဲ့သည်။ ၎င်းကား(၇)စီးတွင် တစ်ချို့ကားသည် အလုံပိတ်ထားပြီး အချို့ ကားတွင် လူအင်အားအပြည့်ပါရှိသည်။ သို့သော် အလုံပိတ်ကားအစီးရေနှင့် လူအင်အားအပြည့်ပါ အစီးရေ အတိအကျမသိရှိပါ။

ဇွန်လ (၁၀) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဆိပ်ကြီးတွင် အခြေချပီး အင်းနက်ကျေးရွာအုပ်စု ငဗြက်အင်းကျေးရွာသို့ လက်နက်ကြီး သုံးလုံးပစ်ခဲ့သည်။ ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်တွင် အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာသို့ လက်နက်ကြီးပစ်ချခဲ့သည်။ ပစ်ချသည့် လက်နက်ကြီးအရေအတွက်ကို အတိအကျမသိရှိပါ။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းနက်ကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ချသောကြောင့် အိမ်ခြေ(၈၀)လုံးနှင့် လူဦးရေ(၄၄၄)ဦးရှိသော ကြို့ကုန်းကျေးရွာ၊ အိမ်ခြေ(၁၀၈)လုံးနှင့် လူဦးရေ(၅၄၈)ဦးရှိသော နရွဲပင်ကျေးရွာရှိ ကျေးရွာပြည်သူလူထုများနှင့် ငဗြက်အင်းကျေးရွာရှိ ကျေးရွာပြည်သူလူထုများ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရသည်။