Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
Interview with Padoh Saw Tadoh Moo

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အစည်းအဝေး တားမြစ် ခြင်းခံရသည်နှင့်စပ်လျဉ်း၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးကို မေးမြန်းထားပါတယ်။

မေး -- PPCM နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ချင်းမိုင်မှာ ပြုလုပ်မယ့်အစည်းအဝေးကို တပ်မတော် ဘက်က တားမြစ်တယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်လိုပုံစံမျိုးနဲ့ ဘာကြောင့် တားမြစ်လဲ ဆိုတာလေး ပြောပြပေးပါ။

ဖြေ -- ဟုတ်ပါတယ်။ ဒီအစည်းအဝေးမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါမှာမို့ တဘက် ကကန့်ကွက်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကခွင့်မပေးနိုင်တဲ့အကြောင်း ကျွန်တော်တို့ကို ရုံးအဖွဲ့ကနေပြီး လာပြောလို့ အစည်းအဝေးကို မကျင်းပဖြစ်တော့တာ ဖြစ် ပါတယ်။ ကျွန်တော်တို့အဲလိုပဲ သိရပေမယ့် နောက်ပိုင်း Social Media မှာ ပြန့်နေတဲ့ ဘန်ကောက်က မြန်မာစစ်သံမှူး လက်မှတ်ထိုးထားတဲ့စာအရဆိုရင်တော့ KIO နဲ့ KNPP တို့လည်း ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ (၁၀) ဖွဲ့ပါဝင်တဲ့ အစည်းအဝေးကို တက် ရောက်မယ်ပေါ့။ အဲဒီအစည်းအဝေးက မြန်မာအစိုးရ၊ မြန်မာတပ်မတော်တို့ ပြန်လည် ဖော်ထုတ်လိုတဲ့ထာဝရငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေမှာအသေအချာ ဖြစ်တာ ကြောင့် အစည်းအဝေးမဖြစ်ဖို့ တားဆီးပေးပါဆိုပြီး ထိုင်းအာဏာပိုင်တွေကို တောင်းဆိုတဲ့ ပုံစံဘဲဖြစ်တယ်ဆိုတာ သိရတာဖြစ်ပါတယ်။

မေး -- ဒီလိုတားမြစ်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို အခက်အခဲဖြစ်စေပါသလဲ။

ဖြေ -- ပထမဆုံးက ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်ကို ထိခိုက်စေတာပေါ့။ နောက်ပြီး NCA အပေါ်ထားရှိတဲ့ သူတို့သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ငြိမ်းချမ်းရေးကိုရှုမြင်တဲ့ သူတို့ရဲ့အမြင်က ကျွန်တော်တို့မြင်သလိုမဟုတ်ဘူးဆိုတာ ကို လည်း ပိုသေချာလာစေတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း Paternalism အကျင့်စရိုက်တွေက လွှမ်းမိုးနေတာ ကို တွေ့ရတယ်။ တကယ်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က Joint လို့ခေါ်တဲ့ ပူးတွဲ လုပ်ငန်းစဉ် ဖြစ်ပြီး နှစ်ဖက်သဘောတူမှလုပ်လို့ရတာ။ Paternalism လို့ခေါ်တဲ့ “အကိုကြီး အဖရာ မူဝါဒ” မျိုး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မရှိသင့်ဘူးပေါ့လေ။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးမှုကို အခြေပြုတဲ့ ဆွေးနွေးပွဲကို တားဆီးခြင်းဟာ ညှိနှိုင်းဆွေးနွေးပွဲတွေ အယုံအကြည်မရှိတဲ့ သဘောများလားလို့တော့ စဉ်းစားစရာဖြစ်မိတယ်။ တကယ်ဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါဖို့ အစိုးရ၊ တပ်မတော်တင်မကဘဲ ကျွန်တော်တို့ EAO တွေမှာလည်းတာဝန်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါဟာ NCA အပေါ် တာဝန်သိစွာနဲ့ တာဝန်ခွဲဝေယူတာပဲ။ အစိုးရ၊ တပ်မတော်တို့အနေနဲ့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါဝင်လာဖို့ ကြိုးစားနေတာ ကို ကျွန်တော်တို့ အားပေးတယ်၊ ထောက်ခံတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ဘက် က လည်းပဲ တာဝန်ရှိ တယ်လို့ခံယူတယ်။ အဲဒါကြောင့် EAOs တွေအကြား လက်မှတ်ရေး ထိုးခြင်း၊မထိုးခြင်းဆိုတဲ့ ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်ရှုမြင်မှု တူညီအောင်၊ ဖက်ဒရယ် ပြည်ထောင်စုအပေါ်ရည်မှန်းချက်တူညီ အောင်လို့ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး အောင်မြင်အောင်လုပ်ကိုင်ဖို့ ကျွန်တော်တို့ NCA လက်မှတ်ရေး ထိုးထားတဲ့ EAO အဖွဲ့တွေမှာလည်းတာဝန်ရှိပြီး၊ ဘယ်သူ့ကိုမှ ချန်လှပ်မထားတဲ့ မူကို အခြေခံတာဖြစ်ပါတယ်။ ဒါဟာ EAOs တွေအကြားမှာရှိတဲ့ ညှိနှိုင်းဆွေ နွေးမှု သပ်သပ်သာဖြစ်ပါတယ်။ အထူးသဖြင့် KNU အနေနဲ့ ပြောရရင် ၂၀၁၂ ဧပြီလမှာ ပြည်ထောင်စုအဆင့် သဘော တူစာချုပ်ချုပ်ဆိုရာမှာ အချက် (၁၁) ပါဝင်ပြီး ပထမဆုံးဦးစားပေးအနေနဲ့ “တပြည်လုံး အတိုင်းအတာအားဖြင့်အပစ်အခတ်ရပ်စဲရမည်၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများ တွင်ဖြစ်ပွားနေသောစစ်ပွဲများအားရပ်စဲပေးရန်” ဆိုပြီးသဘောတူစာချုပ်လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။ အဲဒါကိုအကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ “တစ်ဆင့်စီ တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာမူ” ကိုအခြေခံပြီး ဦးစွာ (၈)ဖွဲ့လက်မှတ်ထိုးတယ်။ နောက်ပိုင်း NMSP နဲ့ LDU ပါဝင်လက်မှတ်ရေးထိုးပေမယ့်လည်း အခုထိတိုင်းရင်းသားဒေသအချို့မှာ တိုက်ပွဲ ဖြစ်ပွားနေသေးတဲ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်းတစ်ဆို့နေသေးတယ်။ အဲဒီတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးရရှိဖို့ဆိုရင် NCA အပေါ် အစကတည်း ကပါဝင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ သူတို့လည်း NCA စာချုပ်ရရှိရေးနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ် တစ်ခုလုံးမှာ ခွဲဝေပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်၊ ဟိုတုန်းက အစိုးရ၊ တပ်မတော်တို့ရဲ့ မူဝါဒကြောင့် လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဖြစ်ပေါ်သွားတာဖြစ်ပါတယ်။ ဒီကာလမှာတော့ စစ်သံမှူးညွှန်းဆိုတဲ့ ဒီ Co-Ownership အဖွဲ့ဝင်တွေထဲက ပါဝင်တဲ့ အဖွဲ့အချို့ဖြစ်တဲ့ KIO နဲ့ KNPP တို့ပါဝင်မယ်ဆိုရင်တောင် အစိုးရ၊ တပ်မတော်က ပိုပြီး အားပေးသင့်ပါတယ်။ NCA Single text ရဲ့ Co-ownership အဖွဲ့ တွေဖြစ်နေလို့ ဖြစ်ပါတယ်။ ဒီအချက်ကိုအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အနေနဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ကလည်း သူ့ဘာသူသီးခြားမနေဘဲ ထိုးခြင်း၊ မထိုး ခြင်းကို စည်းမခြားဘဲ ဘယ်လိုငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ကြရမလဲဆိုတာကို အဖြေရှာဖို့လိုတယ်။ ဒါကြောင့် အခုလို အစည်းအဝေးမလုပ်ဖို့တားမြစ်စေတဲ့အတွက် အစိုးရ၊ တပ်မတော် ရဲ့ ငြိမ်းချမ်းရေး အပေါ် ရှုမြင်တဲ့နိုင်ငံရေးဆန္ဒ အပေါ်မေးစရာဖြစ်လာပါတယ်။

မေး -- တားမြစ်စာမှာ KNU က ပဒိုစောတာဒိုမူးက စီစဉ်တဲ့ အစည်းအဝေးဆိုပြီးဖော်ပြထား တာတွေ့ရပါတယ်။ အဲ့ဒါ ပဒိုအနေနဲ့ ဦးဆောင်တာဟုတ်ပါသလား။

ဖြေ -- အဲဒါကိုလည်းကျွန်တော်အံ့သြမိတယ်။ အမှန်က ဒီအစည်းအဝေးက ထိပ်သီးညီလာခံ ကနေ ဖွဲ့စည်းထားပြီး ညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ကျင်းပတဲ့အစည်းအဝေးဖြစ်ပါတယ်။ ညီလာခံ ကနေ PPST ကိုဘယ်လိုပြန်သုံးသပ်မလဲ၊ သူ့အနာဂတ်ကို ဘယ်လိုစုဖွဲ့မှုနဲ့ ဖွဲ့စည်းမလဲ ဆိုတဲ့လုပ်ငန်းနှစ်ခုအပေါ် အဖြေရှာဖို့ စုဖွဲ့တာဝန်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်က သာမန်အဖွဲ့ဝင်တဦးပါ၊ ဘာလို့ကျွန်တော့နာမည်ကိုတပ်ပြီး ဦးတည်လဲဆိုကိုတော့ မသိပါ ဘူး။

မေး -- ဒီလိုတားမြစ်ခြင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကို ဘယ်လိုပြန်ပြီး ဆွေးနွေးသွားဖို့ရှိပါ သလဲ။

ဖြေ -- ကျွန်တော်တို့အကြားမှာပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးနောက်မဖြစ်အောင်၊ ဘယ် လိုညှိနှိုင်းသင့်လည်းပေါ့။ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ မထိုးထားတဲ့ အဖွဲ့အကြား ညှိနှိုင်းဆောင်ရွက်မှုဟာ NCA အရ ဘာမှထိခိုက်စရာမရှိသလို ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်ပိုပြီးပွင့်လင်း၊မြင်သာစေမှာဖြစ်တယ်လေ၊ NCA ထဲမှာလည်းပြောထားပါတယ်၊ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု” တွေနဲ့အကောင် အထည်ဖော်ဖို့ဆိုတာကိုအားလုံးလက်ခံထားပြီးသားပါ။ နောက်တစ်ခုက ကန့်ကွက်စာထဲမှာပြောသလို ထာဝရငြိမ်းချမ်းရေးကို အသေအချာ ထိခိုက် စေမယ် ဆိုတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထာဝရ ငြိမ်းချမ်းရေး ဆိုတာလည်း မပါပါဘူး၊ NCA အရ “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်း ချမ်းရေး” သာရှိတာပါ။                 အခုလိုတားဆီးတာက NCA အခန်း (၆ ) ပုဒ်မ ၂၄ (က) ကိုတောင် ချိုးဖောက်ရာကျတယ်။ အဲကြောင့် သက်ဆိုင်ရာတာဝန်ရှိသူကိုယ်စားလှယ်တွေနဲ့ NCA S EAO ခေါင်းဆောင် တွေအကြားအလျင်အမြန်ညှိနှိုင်းဆွေးနွေးဖို့လိုလာပြီဆိုတဲ့ အချက်ကိုတွေ့ပါတယ်။

မေး -- ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဖြေ -- KNU အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့အတွက်တစိုက်မတ်မတ်နဲ့၊ NCA အကောင်အထည်ဖော်ဘက်တွေအကြားမှာ မှန်ရင်မှန်သလို၊ မှားရင်မှား သလို ထောက်ပြ၊ ပြောဆိုပြီး ပြုပြင်စရာရှိရင် ရဲရဲပြုပြင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဥက္ကဌ ကြီးက ၂၀၁၅ ခုနှစ်၊ Deed of Commitment လက်မှတ်ရေးထိုးတဲ့ပွဲမှာ ပြောခဲ့သလိုဘဲ ”ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိနဲ့ဖော်ဆောင်သွားဖို့” လမ်းညွှန်ခဲ့သလိုဘဲ ကျွန်တော်တို့ အားလုံးက ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ခြင်းမှ တစ်ဆင့် ရေရှည် တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး ရရှိသည်အထိ မဆုတ်မနစ်နဲ့ ဆက်လက်ပါဝင်သွားမှာ ဖြစ် ပါတယ်။