Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

လီၢ်ခၢၣ်သး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မဟာဗျူဟာချမှတ်ရာတွင် အမျိုးသမီးများ ပါဝင် လာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်ကျင်းပ။

ဇွန်လ(၁) ရက်၊ ၂၀၂၄ ခုနှစ်၊ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဗဟိုဌာနချုပ်၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးနှင့်ဌာနများ မဟာဗျူဟာချမှတ်ရာတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊မေလ ၂၉ ရက်မှ ၃၀ ရက် အထိ (၂)ရက်တာ ကျင်းပ ပြုလုပ်ခဲ့ပြီး ကေအဲန်ယူ-ဗဟိုခေါင်းဆောင်များ၊ KNLA-ဗဟိုစစ်ဦးစီးဌာနချုပ်မှ တပ်မှူးများ၊ KNPF - ကရင်အမျိုးသားရဲတပ်ဖွဲ့မှ တပ်မှူးများ၊ KWO ကရင်အမျိုးသမီးအစည်းအရုံးခေါင်းဆောင်များ၊ KYO ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်များ၊ ကေအဲန်ယူ-ဗဟိုဌာနအချို့မှ ခေါင်းဆောင်များ အပါအ၀င် ဖားအံခရိုင်မှ ခေါင်းဆောင်များ စုစုပေါင်း အမျိုးသမီးခေါင်းဆောင် (၂၆) ဦးနှင့် အမျိုးသား (၆) ဦး တို့ တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ အကျိုးဆောင်အဖြစ် နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီ၊ ပညာပေး စည်းရုံး ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီမှ ဆရာမနော်အယ်ဖောဝါးမှ ဦးဆောင်ခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး မှ အဖွင့်စကားပြောကြားခဲ့ကာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တရား သူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း တို့မှ အကြံပြုလမ်းညွှန် စကားများကို ပြောကြားပေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးနှင့် ဌာနများတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါးမှ “ကေအဲန်ယူ အနေဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးနှင့် ဌာနများတို့တွင် အမျိုးသမီးများပါဝင်မှု ၃၀ ရာခိုင်နှုန်းကို ချမှတ်ထားသော်လည်း လက်ရှိတွင် အမျိုးသမီး ပါဝင်မှု အားနည်းနေကြောင်း၊ အမျိုးသမီးများတို့သည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် ဆုံးဖြတ်ချက် ချရာတွင် သော်လည်းကောင်း၊ မဟာဗျူဟာ ချမှတ်ရာတွင် သော်လည်းကောင်း ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း၊ ထို့ကြောင့်အမျိုးသမီးများ ကေအဲန်ယူ၏ကဏ္ဍပေါင်းစုံတွင် ပါဝင်လာရန်အတွက် လိုအပ်သော အရာများ၊ နည်းလမ်းများတို့ကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြမည်ဖြစ်ကြောင်း၊ အမျိုသားများလည်း ဝိုင်းဝန်းအထောက်အကူပြုကူညီပေးရန် လိုအပ်ကြောင်း၊ အမျိုးသမီးများပါဝင်မှု ပိုမိုတိုးများလာရန် လုပ်ငန်းကော်မတီဖွဲ့စည်း၍ အသိပညာပေးခြင်းများ၊ စွမ်းရည်မြှင့်တင်ခြင်းများ တို့ကို ပြုလုပ်မည်ဖြစ်သည့်အတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါအဝင် ကေအဲန်ယူ ဗဟို၊ ကေအဲန်အယ်လ်အေဗဟို၊ ဌာနအသီးသီးတို့မှ ဝိုင်းဝန်းကူညီပံ့ပိုးရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ အား ပြုလုပ်ရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း မှလည်း “၁၆ ကြိမ်မြောက်ကွန်ကရက်၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်မှု အဆင့်ဆင့် တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရန်အတွက် ရေးဆွဲထားသော်လည်း လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ကြောင်းနှင့် ယခု ၁၇ ကြိမ်မြောက်ကွန်ကရက်၏ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်(၁၄) နံပါတ်(၈)တွင် “ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ ဦးဆောင်မှုအဆင့်ဆင့်တွင် အမျိုးသမီး(၃၀)ရာခိုင်နှုန်း ပါ၀င်မှုကို မြှင့်တင်သွားရ မည်”ဟု ပြဋ္ဌာန်းထားပြီး အမျိုးသမီးများပါဝင်နိုင်မှု မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အဖြစ် ပဒိုနော်ဒါးဒါး နှင့် အဖွဲ့၀င်အဖြစ် ပဒို နော်မယ်ရီဌေးမှ ဦးဆောင်ဦးရွက် လုပ်ဆောင်နေပြီးဖြစ်ကြောင်း၊ ယခုအခါ အမျိုးသမီးများဦးဆောင်မှုအဆင့်ဆင့်တွင် ပါဝင်လာမှုတိုးပွားလာရန် လုပ်ငန်းကော်မတီ တခု ရှိနေပြီဖြစ်ပြီး ဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ကြောင်း၊ လက်ရှိတွင် ကေအဲန်ယူ၏ အဆင့်ဆင့် သော ယန္တရားများ၌ အမျိုးသမီးခေါင်းဆောင်များပါဝင်လာနေပြီဖြစ်ကြောင်းနှင့် ထပ်မံ၍ မျိုးဆက်သစ် အမျိုးသမီးများ ပါဝင်မှု ပိုမို အားကောင်း လာရန်လိုကြောင်း” ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကျားမတန်းတူရေး မူ၀ါဒ ပေါ်လစီ တစ်ခုအား လည်းရေးဆွဲလျက်ရှိနေပြီး ဦးဆောင်ရေးဆွဲသူ သရာမူနော်မေဦးမှလည်း ရေးဆွဲလျက်ရှိနေသော ကျားမတန်းတူရေး မူ၀ါဒ ပေါ်လစီ နှင့်ပါတ်သက်၍ အဓိကအချက်များနှင့် လိုအပ်ချက်များတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသောကိုယ်စားလှယ်များမှ မိမိတို့အဖွဲ့အစည်းအတွင်း အမျိုးသမီးပါဝင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ရှင်လင်း တင်ပြခြင်း၊ ကျား/မ တန်းတူရေးဆိုင်ရာ နှင့် ပတ်သက်ပြီး ၁၆ ကြိမ်နှင့် ၁၇ ကြိမ်မြောက် ကေအဲန်ယူ-ကွန်ကရက်မှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြခြင်း၊ အမျိုးသမီးများ ကဏ္ဍ ပေါင်းစုံတွင် ပါဝင်လာရန် လိုအပ်သော အရာများကို ဆွေးနွေးရှာဖွေဖော်ထုတ်ခြင်း၊ ထိုဆွေးနွေးချက် များအပေါ် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း နှင့် လက်တွေ့ အကောင် အထည်ဖော်သော လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးလာရန် ဖိတ်ခေါ်ခြင်းများ စသည့် နည်းလမ်း နှင့် နည်းနာများ တို့ကို ဆွေးနွေးရရှိခဲ့ကြသည်။