စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီး အစည်းအရုံး နှင့် ကရင်လူငယ် အစည်းအရုံး တို့မှ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) ကျင်းပပြုလုပ်ခဲ့ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီးအစည်းအရုံး (Karen Women Organization - KWO) နှင့် ကရင်လူငယ် အစည်းအရုံး (Karen Youth Organization - KYO) တို့မှ ၎င်းတို့၏ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို ဆောထိ မြို့နယ်၊ မြို့နယ်ရုံးချုပ် ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်မှ (၁၈) ရက်နေ့ အထိ အောင်မြင် စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခု ကာလ ပြည်တွင်းတွင် ကျန်းမာရေး အခြေအနေ နှင့် မြန်မာစစ်တပ်၏ မတရား အာဏာသိမ်း မှုများကြောင့် သွားလာရေးခက်ခဲသည့် အတွက် ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး တို့မှ ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို စုပေါင်း လုပ်ဆောင် ရခြင်းဖြစ်ပါသည်။
ဆောထိမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး ၏ မြို့နယ်လုံးဆိုင်ရာ ညီလာခံ (ကွန်ဂရက်) နှင့် ရွေး ကောက်ပွဲသည် ကျင်းပခြင်းသည် အခြေအနေ အရပ်ရပ်ကြောင့် ယခုမှ သာ (၄)ကြိမ်မြောက် ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်ပြီး (၁၅)ရက်မှ (၁၆)ရက်နေ့ အထိ ၂ ရက်တာ ကြာမြင့်ခဲ့ပါသည်။
ညောင်လေးပင်ခရိုင်၊ ကရင်လူငယ်အစည်းအရုံး၊ ဒု-ဥက္ကဋ္ဌ မှ “ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး အနေဖြင့် လူငယ်များသည် ခွန်အားအစွမ်းရှိသည် နှင့်အညီ မိခင်အစည်းအရုံး အတွက်လည်း အင်အားဖြစ်စေရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ငိုက်မြည်းနေရမည့် အချိန် မဟုတ်တော့ကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် မိခင်အစည်းအရုံး အတွက် ကျရာအခန်းကဏ္ဍ မှ ပါဝင်သင့်ပြီး ဖြစ်ကြောင်း” တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
“ပြည်တွင်းပြည်ပ ကရင်လူငယ်အသီးသီး အနေဖြင့် လည်း မိမိတို့၏ ကရင်လူငယ်ဖြစ်ခြင်း ကို မမေ့လျော့ဘဲ စုစည်းညီညာစွာဖြင့် ကျရာအခန်းကဏ္ဍများမှနေ၍ ကရင်လူငယ်အစည်းအရုံး ၏ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန် လုပ်ဆောင်သင့်ပါသည်” ဟု ဆောထိမြို့နယ် ကရင်လူငယ်အစည်းအရုံး ၏ အတွင်းရေးမှူး အဖြစ် အသစ်တဖန် ရွေးကောက်ခံခဲ့ရသော စောဆာဘလေးထူး မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
တဆက်တည်းမှာပင် ကရင်အမျိုးသမီးအစည်းအရုံး ၏ ဒုတိယအကြိမ်မြောက် ညီလာခံ နှင့် ရွေးကောက်ပွဲ ကို (၁၇)ရက် နေ့မှ (၁၈)ရက်နေ့ အထိ ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသမီး ကိုယ်စားလှယ် (၃၆)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ သစ်ဖြစ်သော နော်မူဃှားဖိုး မှလည်း “ခေတ်အဆက်ဆက် တွင် အမျိုးသမီးထုများ အနေဖြင့် ဖိနှိပ်ချုပ်ချယ်ခံခဲ့ရခြင်း၊ အထင်သေး အမြင်သေးခံခဲ့ရခြင်းများ ဖြင့်သာ ရင်ဆိုင်ခဲ့ကြရပါသည်။ ယခုသည် အထက်ပါ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အထင်သေးအမြင်သေးခံရခြင်း များ မှ လွတ်မြောက်ရန် ရုန်းထွက်ရမည့် အချိန်ဖြစ်ပါသည်။ မိမိတို့ ၏ ရုန်းကန်ခြင်းဖြင့်သာ လွတ်မြောက်နိုင်မည်ဖြစ်ပြီး သူတပါးမှ လာရောက်ကူညီမည့် အချိန် ကို စောင့်နေရန် မလိုပါ” ဟု အားပေးစကားပြောကြားခဲ့ ပါသည်။
ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး သည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ စည်းရုံးရေးနှင့်် ပြန်ကြားရေးဌာန အောက်တွင် ဖွဲ့စည်းထားရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ်အဆင့် ညီလာခံ နှင့် ရွေးကောက်ပွဲကို ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရေးဆွဲထားရှိ ပါသည်။
ဤ ညီလာခံ သို့ ပါဝင် တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ၏ အုပ်ချုပ်ရေး တည်ရှိသောဒေသများ မှ ဖြစ်ပါသည်။ ကိုဗစ်-19 ရောဂါ ဆိုး၏ အန္တရာယ်များ ကြောင့် ၎င်း၊ နိုင်ငံရေးအရ မြန်မာစစ်တပ်မှ မတရား အာဏာ သိမ်းထားခြင်း အခြေအနေဆိုးကြောင့် ၎င်း၊ မြို့နယ်တခွင်လုံးရှိ ကိုယ်စားလှယ်အားလုံး ကို ဖိတ်ကြားရန် အခက် အခဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
သူးလေသတင်းစဉ်