စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား ဒူးပလာယာခရိုင်ရှိ အဖွဲ့အစည်းများမှ အခြေခံစားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့


ဒီဇင်ဘာလ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုပ်သီး၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားနပ်ရိက္ခာများကို ဒူးပလာယာခရိုင်ရှိ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ပြီး သွားရောက် ကူညီထောက်ပံ့ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၇ ရက် အတွင်း ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ကရင်လူငယ်အစည်းအရုံး (K.Y.O)၊ ကရင်အမျိုးသမီးအစည်းအရုံး (K.W.O)၊ ပြည်တွင်းဌာနေမဲ့ ကရင် ဒုက္ခသည်များဆိုင်ရာ ကော်မတီ (C.I.D.K.P)၊ Free Burma Ranger (F.B.R)၊ ကော့ကရိတ်မြို့နယ် အရေးပေါ်တုန့်ပြန်ရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးကော်မတီတို့မှ ပူးပေါင်း၍ မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများ၏အရေးပေါ်လိုအပ်ချက်များအား သွားရောက် ကူညီ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။ ထို့အတူ ဒူးပလာယာခရိုင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန မှလည်း ပူးပေါင်းပါဝင်၍ ဒုတိယအကြိမ်ဖြင့် စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးပိုင်းဆိုင်ရာ ကြည့်ရှု စစ်ဆေးပေးပြီး ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံပြည်သူများသာမက မြို့နယ်တိုင်းရှိ ဒေသခံ ပြည်သူ များသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ဆင်းရဲဒုက္ခပေါင်းများစွာ ကြုံတွေ့ကြရပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု နှင့် လေယာဥ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှု များကြောင့် အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရသည်။

လက်ရှိတွင် ကော့ကရိတ် တစ်မြို့နယ်လုံးအတွင်း စစ်ရှောင်ပြည်သူပေါင်း ၃ သောင်းကျော် ရှိနေပြီး ယင်းစစ်ရှောင်ပြည်သူများမှာ အရေးပေါ် စားနပ်ရိက္ခာများ ထပ်မံလိုအပ်လျက်ရှိသည်။

ဤသတင်း အချက်အလက်နှင့် မှတ်တမ်း ဓာတ်ပုံများမှာ ကေအဲန်ယူ - ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများမှ ပေးပို့ခြင်း ဖြစ်သည်။
ဓာတ်ပုံ - စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ စားနပ်ရိက္ခာများ ဝေမျှပေးနေစဥ်။
သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။