စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ငြိမ်းချမ်းရေးဖြစ်စဉ်

(၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ပြောကြားသည့် ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ၏ အဖွင့်မိန့်ခွန်

NCA စာချုပ်ပါ အချက်အလက်များအပေါ်မှာ တူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှု (Common Definition)၊ တူညီတဲ့နားလည်သဘောပေါက်မှု (Common Understanding)၊ တူညီတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက် (Common Goal and Vision) များရှိဖို့ လိုအပ်ဟု JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြား

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး က NCA စာချုပ်ပါ အချက်အလက်များအပေါ်မှာ တူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှု (Common Definition)၊ တူညီတဲ့နားလည်သဘောပေါက်မှု (Common Understanding)၊ တူညီတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက် (Common Goal and Vision) များရှိဖို့ လိုအပ်ကြောင်း ယနေ့ မတ်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ကျင်းပသည့် JMC-U ၏ (၁၅) ကြိမ်မြောက်အစည်းအဝေး အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါ (၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးကို ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ မတ်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး အဖွင့်အမှာစကားအပြည့်အစုံမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

(၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ပြောကြားသည့် ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ၏ အဖွင့်မိန့်ခွန်း

ယနေ့ JMC-U (၁၅) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ဥက္ကဌဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးသော JMC-U အဖွဲ့ဝင်များနှင့်တကွ ဖိတ်ကြားထားသော JMC-S အဖွဲ့ဝင်များအပါအဝင်၊ နည်းပညာ အထောက်အကူအဖွဲ့ဝင်များ၊ အလုပ်အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ယနေ့ JMC-U ရဲ့ (၁၅)ကြိမ်မြောက် အစည်းအဝေးမှာ ကျွန်တော်တို့အားလုံး စုရုံးရောက်ရှိလာ ရခြင်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံတော်မှာ တကယ်လိုအပ်နေပြီး၊ တိုင်းရင်းသားပြည်သူပြည်သား အပေါင်းက မျှော်လင့်တောင်းတနေတဲ့ စစ်မှန်သော ငြိမ်းချမ်းရေးကြီးတည်ဆောက်နိုင်ဖို့ မိမိတို့ သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ပေး စေလွှတ်လာမှုကြောင့် ဖြစ်ပါတယ်။ 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သမိုင်းကြာရှည်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာကြမယ်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့မဖြေရှင်း ဘဲ နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ မူအပေါ်မှာအခြေခံပြီး ပေါ်ပေါက်လာတဲ့ NCA စာချုပ်ဟာ၊ အနှစ် (၆၀)ကျော် ကြာညောင်းခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ပထမဦးဆုံးသော အခွင့်အလမ်းကြီးတခု ဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးဟာ သဘောတူညီချက်ပါ အချက်အလက်များကို လိုက်နာကျင့်သုံးရမှာဖြစ်ပြီး NCA စာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်မှုဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ 

ဒါကြောင့် NCA စာချုပ်ပါ အချက်အလက်များအပေါ်မှာ တူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှု (Common Definition)၊ တူညီတဲ့နားလည်သဘောပေါက်မှု (Common Understanding)၊ တူညီတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက် (Common Goal and Vision) များရှိဖို့ လိုပါတယ်။ မရှိသေးရင်လည်း ဘုံသဘောတူညီမှု (Common Agreement) တွေရှိလာဖို့ အရင်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့သွားရမယ့် လမ်းကြောင်းဟာ အရှေ့မှာ ရှင်းရှင်းလင်းလင်းနဲ့ ထင်ထင်ရှားရှားရှိနေမှာ ဖြစ်ပါတယ်။ ဒီလိုပဲ NCA က ပေါက်ဖွားလာတဲ့ ကျွန်တော်တို့ JMC အကောင်အထည်ဖော်မှု လမ်းကြောင်းဟာလည်း ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။

တချိန်တည်းမှာပဲ JMC အကောင်အထည်ဖော်မှုမှာ ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building) ဟာ JMC အောင်မြင်မှုအတွက် အရေးကြီးဆုံးအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ လက်နက်ကိုင်နှစ်ဖွဲ့အကြားမှာပဲ တည်ဆောက်တာ မဟုတ်ဘဲနဲ့ ဒေသခံပြည်သူများလည်း ပါဝင်နေတယ်ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။ ဒေသခံပြည်သူများဟာ လက်နက်ကိုင်ပဋိပက္ခရဲ့မကောင်းတဲ့ အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာကြရတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေက လွှမ်းမိုးနေဆဲရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လှုပ်ရှားမှုတိုင်းဟာ သူတို့ရဲ့ ဆန္ဒမပါဝင်ရင် ကျွန်တော်တို့ရဲ့ NCA နဲ့ JMC အကောင်အထည်ဖော်မှုတွေမှာ သူတို့ရဲ့ရှိပြီးသား ယုံကြည်မှုတွေပါ ပျက်ပြားသွားနိုင်ပါတယ်။ ဒါကိုလည်း နှစ်ဘက်က လေးလေးနက်နက် စဉ်းစားဖို့ လိုအပ်ပါတယ်။

နောက်ပြီး လက်ရှိ ကျွန်တော်တို့ JMC အကောင်အထည်ဖော်မှုတွေမှာ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာထက် နည်းပညာပိုင်းတွေမှာ ရှေ့ရောက်ပြီး၊ လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင် အထည်ဖော်ရမဲ့အပိုင်းတွေက အားနည်းနေတာ တွေ့ရပါတယ်။ ညှိနှိုင်းမှုဆိုတဲ့နေရာမှာလည်း တရားဝင် စာနဲ့ပေနဲ့ ညှိနှိုင်းရန်လိုသလို အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုများ လိုအပ်ပါမယ်။ ကျွန်တော်တို့ (Reactive) ဆိုတဲ့ လိုအပ်မှတုန့်ပြန်ညှိနှိုင်းမှုထက် (Proactive) ဖြစ်တဲ့ ကြိုတင်ညှိနှိုင်းမှုတွေက ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ကြိုတင်ကာကွယ် နိုင်ပါလိမ့်မယ်။ ညှိနှိုင်းလို့ မရမချင်း မိိမိသဘောဖြင့် အကောင်အထည်ဖော်မှုတွေကို မပြုလုပ်ဘဲ စိတ်ရှည်ရှည်ထားပြီး စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းသဘောတူညီချက် ရယူခြင်း ကနေ ပဋိပက္ခတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ 

ပြဿနာအကြောင်းပဲ တဖွဖွပြော၊ ငြီးတွားပြီး တဦးအပေါ်တဦး အပြစ်တင်တိုက်ခိုက်ခြင်း ဟာလည်း ပြဿနာကို မဖြေရှင်းနိုင်သလို ပြဿနာကိုသာ ကြီးထွားစေနို်င်တာဖြစ်လို့၊ အငြင်းပွားမှုရဲ့ အရင်းခံပြဿနာကို အတူတကွရှာဖွေတွေ့ရှိပြီးမှ ဒီအရင်းခံပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါက လည်း နည်းသစ်လမ်းသစ်တွေ ရှာဖွေတွေ့ရှိ အကောင်အထည်ဖော်ခြင်းကနေ ရလဒ်ကောင်းများ ရရှိလာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘာမဆို အစောတလျင် မဆုံးဖြတ်ဘဲနဲ့ တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူလူထု များရဲ့ အကျိုးစီးပွားကို ရှေ့ထားပြီး ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ရလဒ်ကောင်းများ ရလာအောင် စိတ်ရင်းစေတနာမှန်တွေနဲ့ အတူတကွ လက်တွဲအကောင်အထည်ဖော်သွားဖို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

By NCA-S EAOs
21 Mar 2018