စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လူငယ့်စွမ်းရည်မြှင့်တင်ရေးအစီအစဉ် သင်တန်းကျောင်းကို ခလယ်လွီထူခရိုင်တွင်ဖွင့်လှစ်


မတ်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်တွင် Wisdom: Youth Capacity Nurturing Program လူငယ့်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်သင်တန်းကျောင်းကို ယနေ့ မတ်လ (၁၃) ရက်နေ့တွင် ကျောင်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းကော်မတီများ၊ ခရိုင်ဥက္ကဌ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်မှတာဝန်ရှိ ခေါင်းဆောင်များ၊ သင်တန်းဆရာများနှင့် ကျောင်းသူ၊ကျောင်းသားများ တက်ရောက်ခဲ့ကျသည်။ ဤသင်တန်းကျောင်းကို ၂၀၂၃ ခုနှစ်တွင် ပထမဦးဆုံး စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကျောင်းကို တက်ရောက်နိုင်မည့် သူများမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ နယ်နိမိတ် အတွင်း နေထိုင်သူများဖြစ်ရမည်။ အသက်အရွယ်အားဖြင့် (၁၆) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ပြီး ပညာအရည်အချင်းမှာ မည်သည့်ပညာရေးစနစ်တွင်မဆို (၈)တန်း အောင်ပြီးဖြစ်ရမည်။ ထို့အပြင် စှော်ကရင်ဘာသာ ရေးဖတ်ပြောနားထောင်၊ ဗမာစကား ရေးဖတ် ပြော နားထောင် အခြေခံအဆင့်ရှိရမည်။ သို့သော်ငြားလည်း စှော်ကရင်၊ ဗမာ၊ အင်္ဂလိပ်စာ အခြေခံများကိုလည်း သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကျောင်းတွင် သင်ကြားမည့် အစီအစဉ်များကို အပိုင်းလေးပိုင်းနှင့် သင်တန်းကြာချိန် (၂)နှစ် သတ်မှတ်ပြုလုပ်မည်ဖြစ်ပြီး အစီအစဉ်တစ်ပိုင်းစီ ပြီးဆုံးသည့်နောက်တွင် အောင်လက်မှတ်အား ချီးမြင့်သွား မည်ဖြစ်ပြီး အပိုင်းလေးပိုင်းပြီးဆုံးသွားပါက အစီအစဉ်တစ်ခုလုံးစာ အောင်လက်မှတ် ချီးမြင့် ပေးသွားမည်ဖြစ်သည်။
သင်တန်းကျောင်းသင်တန်းကျောင်း၏ရည်ရွယ်ချက်မှာ-
(၁) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော ကရင့်တော်လှန်ရေးခံယူချက် သဘောတရား၊ စိတ်ဓါတ်ရေးရာ၊ နိုင်ငံရေး၊ စည်းရုံးရေး၊ အတတ်ပညာပိုင်းဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ၊ စီမံခန့်ခွဲအုပ်ချုပ်ရေး ဆိုင်ရာ များအား တတ်ကျွမ်းသိရှိနားလည်သဘောပေါက်စေရန်၊
(၂) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော ကရင့်တော်လှန်ရေးခံယူချက် သဘောတရား၊ နိုင်ငံရေး၊ စိတ်ဓါတ်ရေးရာ၊ အတတ်ပညာများကို မိမိတို့ဒေသများတွင် ပြန်လည်တည်ဆောက်ဖော်ဆောင်နိုင်ရန်၊
(၃) စဉ်ဆက်မပြတ် လေ့လာသင်ယူမှုဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ လေ့လာသင်ယူနိုင်သော ရပ်ဝန်းတခုဖြစ်ပေါ်လာစေရန် ဖြစ်သည်။
သင်တန်းကျောင်းတွင် သင်ကြားမည့် အစီအစဉ်လေးပိုင်းမှာ-
ပထမပိုင်းတွင် အခြေခံစှော်ကရင် (ရေး၊ဖတ်၊ပြော)၊ အခြေခံဗမာစကား (ရေး၊ဖတ်၊ပြော)၊ အခြေခံ အင်္ဂလိပ်စကား (ရေး၊ ဖတ်၊ ပြော)၊ ကွန်ပျူတာအခြေခံ (Typing, Microsoft office tools, Internet, Email, Internet Surfing)၊ ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်း၊ ကရင်အမျိုးသားအစည်းအရုံးအကြောင်း၊ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်းနှင့် တည်ဆောက်ခြင်း၊ ခေါင်းဆောင်မှု စသည်တို့ဖြစ်သည်။
ဒုတိယပိုင်းတွင် ဖယ်ဒရယ် (ဖယ်ဒရယ်၏အခြေခံသဘောတရား၊ ဖယ်ဒရယ်စနစ်တည်ဆောက်ခြင်း)၊ ဘဏ္ဍာရေးဖယ်ဒရယ်၏ အခြေခံသဘောတရားနှင့် လက်တွေ့လုပ်ဆောင်မှု၊ အုပ်ချုပ်စီမံမှု အခြေခံ သဘောတရားနှင့် လက်တွေ့လုပ်ဆောင်မှု၊ တရားမျှတမှု၊ လူမှုတရားမျှတမှုနှင့် အကူးအပြောင်းကာလ တရားမျှတမှု စသည်တို့ဖြစ်သည်။
တတိယပိုင်းတွင် လူသားလုံခြုံရေးကဏ္ဍ အခြေခံသဘောတရား၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း အခြေခံသဘောတရားနှင့် နိုင်ငံတကာအတွေ့အကြုံများ၊ ကိုယ်ခံပညာ၊ ဆေးသင်တန်း၊ နယ်မြေကျွမ်းကျင်မှု ရှိအောင်ပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။
စတုတ္ထပိုင်းတွင် လူမျိုးစုသမိုင်းများကိုလေ့လာခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု အခြေခံသဘောတရား၊ လူမှုသဟဇာတဖြစ်မှု၊ ပဋိပက္ခစီမံခန့်ခွဲခြင်းနှင့် ပဋိပက္ခကို ပြုပြင်ပြောင်းလဲခြင်း၊ သုတေသနပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။
ထို့အပြင် အစီအစဉ်တိုင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ၊ သုတေသန၊ လက်တွေ့ကွင်းဆင်း လုပ်ကိုင်ခြင်းများ ပါဝင်သည်။ အစီအစဉ်တက်ရောက်သူတိုင်းသည် သက်မွေးဝမ်းကြောင်း ပညာရပ်များ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ဘာသာရပ်များကို သင်ကြားလုပ်ဆောင်ရမည်ဖြစ်သည်။
လူငယ့်စွမ်းရည်မြှင့်တင်ရေးအစီအစဉ် သင်တန်းကျောင်းကို ဖွင့်လှစ်ခြင်းဖြင့် ဒေသတွင်းရှိ လူငယ်များ၏ အသိပညာ၊ ဗဟုသုတ၊ စိတ်နေသဘောထားနှင့် စွမ်းရည်များ ပြောင်းလဲလာကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တော်လှန်ရေးလုပ်ငန်း၊ ကရင်အမျိုးသားရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူပြုနိုင်ရန်ဖြစ်သည်။