စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ လေးကေ (BGF) စခန်းမှ ဒေသခံလူထုထံ စခန်းပြုပြင်ရန်အတွက် သစ်၊ ဝါးများကို ခုတ်ပေးရန် အဓမ္မခိုင်းစေခဲ့

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်၊ သထုံခရိုင်

လေးကေကျေးရွာ အလယ်၌ စခန်းချတပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF (၁၀၁၄) နှင့် ခမရ (၄၀၆) ပူးပေါင်းတပ်ဖွဲ့သည် ၎င်းတို့၏တပ်စခန်းအား ပြုပြင်ရန်အတွက် သစ်နှင့်ဝါးများ ခုတ်ပေးရန် လေးကေကျေးရွာ ရွာသားများအား အဓမ္မခိုင်းစေခဲ့ကြောင်း ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှပြောသည်။

တပ်စခန်းပြုပြင်ရန်အတွက် စက်တင်ဘာလ (၆) ရက်နေ့က လေးကေကျေးရွာတွင် ရွာသူရွာသားများအား တစ်အိမ်လျှင် သစ် (၂) ချောင်းနှင့် ဝါး (၁၀) ချောင်း ခုတ်၍ စခန်းသို့ ပို့ပေးရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က တစ်ခါခုတ်ခိုင်းတယ် အရှည် (၅) တောင်ရှိတဲ့သစ် (၂) ချောင်းနဲ့ အရှည်ဆယ်တောင်ရှိတဲ့ဝါး (၁၀) ချောင်း၊ စခန်းပြင်ဖို့လို့ပြောတယ် ပိုက်ဆံမပေးဘူး အဓမ္မခိုင်းတာပေါ့၊ အဲ့တုန်းကတော့ လေးကေရွာနဲ့ ကျောက်ဖျာရွာ (၂) ရွာပေါ့နော်"ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်။

ပထမတစ်ကြိမ် ခုတ်ပေးခဲ့သော်လည်း စခန်းမှာပြုပြင်မပြီးသေးသဖြင့်ယခုတစ်ဖန် လေးကေကျေးရွာအတွင်း တစ်အိမ်လျှင် သစ် (၂) ချောင်းနှင့် ဝါး (၁၀) ချောင်း ခုတ်ပေးရန် ခိုင်းစေခြင်းဖြစ်သည်။

ယခုအချိန်သည် သစ်၊ ဝါးများရှားပါးလာပြီဖြစ်သော်လည်း ၎င်းတို့အားကြောက်လန့်သဖြင့် ကျေးရွာသူ/သားများမှာ အဓမ္မခိုင်းစေမှုကြောင့် ခိုင်းသည့်အတိုင်း သွားရောက်ပို့ဆောင်ပေးခဲ့ပြီး မိမိကိုယ်ပိုင်သစ်ဝါးမရှိသူများမှာ ဝယ်ယူ၍ သွားရောက်ပို့ဆောင်ပေးရသည်ဟု ဘီးလင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ တစ်ဦးမှပြောသည်။

၎င်းက"အရင်တစ်ခေါက်ခုတ်ခိုင်းတုန်းက ပိုက်ဆံပေးမယ်ပြောပြီးတော့ မပေးဘူး၊ အခုတစ်ခေါက်လည်းပေးမယ်လို့ပြောတယ်၊ ဒါပေမယ့်ပေးမှာမဟုတ်ဘူး၊ စက်တင်ဘာလ (၁၀) ရက်နောက်ဆုံးထားပြီးခုတ်ပေးရမယ်"ဟု ဆက်လက်ပြောပြသည်။

လေးကေကျေးရွာအတွင်း တပ်စွဲထားသော အဆိုပါ အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွင် စုစုပေါင်းအင်အား (၉၅) ဦးရှိပြီး ခမရ (၄၀၆) တပ်ရင်းမှ တပ်ရင်းမှူးကျော်ကျော်လတ် ဦးဆောင်ပြီး အင်အား (၂၅) ဦးနှင့် BGF-၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူးကျော်လဲ ဦးဆောင်သည့် အင်အား ၇၀ ရှိသည်ဟု သိရသည်။