စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီတို့သည် မိမိတို့ထုတ်ပြန်ထားသော ၅ လ အပစ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှု နှင့်လူအခွင့်အရေးချိုးဖောက်မှုများကိုဆက်တိုက်ပြုလုပ်သောကြောင့် KNU - KNLA/KNDO နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွား

၈ အောက်တိုဘာ ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟို
အာဏာသိမ်းစစ်ကောင်စီတို့သည် သတင်းမီဒီယာ ဌာနများတို့မှ ထုတ်ပြန် ဖော်ပြ ထားသည်မှာ ၎င်းးတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လ အပြစ်ရပ်မည် ဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီတို့သည် မိမိတို့၏ ၅ လ အပြစ်ရပ်ထုတ်ပြန်ချက်ကို မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းမရှိပေ။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိနေပါသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ ဖြစ်သော ခလရ - ၂၃၁ တို့သည် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့သဖြင့် နော်မချစ် ဆိုသူကို ထိခိုက်မှု ရှိသည့်အပြင် နွား ၃ ကောင်ကိုလည်း ထိမှန်ခဲ့ပါသည်။ ထို့ပြင် ကေအဲန်ယူ - ဒူးပလာယာခရိုင် ဝေါလေမြို့နယ်အတွင်းတွင်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဝဲကလိမှ G-1 စိုးမင်း ဦးစီးသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် နိုင်ချာယ်ရီ ဦးစီးသော မွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပေါင်းစည်းကြ၍ အပြင်စခန်းကြီး၌ ပြည်သူလူထုများ၏ ကား နှင့် ဆိုင်ကယ် များကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ပြည်သူလူထု၏ ကား ၅ စီး နှင့် ဆိုင်ကယ် ၂ စီးကို သိမ်းယူသည့်အပြင် ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီး ခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၁၀ ရက်နေ့ များအတွင်း၌ နယ်ခြားစောင့်တပ် BGF တပ်ရင်း - ၁၀၁၄ မှ တပ်ရင်းမှူး မောင်ချစ်၏ တပည့် ဖားသာဘဲ နှင့် သူ၏ လူများသည် ဖောထီးခူ ကျေးရွာသူကျေးရွားသားများ၏ လုပ်ငန်းခွင် အတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့ကြသည့်အပြင် ပြည်သူလူထုများ သွားလာရာ လမ်းများ၌ မိိုင်းများကို လိုက်ထောင်ထားသောကြောင့် ပြည်သူလူထုများသည် ကြောက်ရွံ့ထိတ်လန့်မှု များစွာဖြင့် ရှိခဲ့ရပါသည်။

ထို့အတူ ၃/၁၀/၂၀၂၁ ရက်နေ့တွင် ခေါဖု ၌ လမ်းလုံခြုံရေးယူထားသော အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များသည် လုပ်ငန်းခွင်သို့ အလုပ်ရန် သွားသော ထိုဖဒိုပါဒဲ ကျေးရွာသူကျေးရွာသားများကို ခေါ်ယူစစ်ဆေးစာရင်းကောက်ယူသည့်အပြင် လက်နက်ငယ်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ် ခြောက်လှန့်ခဲ့ပါသည်။ ၄/၁၀/၂၀၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖြစ်သော စကခ - ၈ ၊ ခမရ - ၄၀၅ တို့သည် မယ်ပရီးခီးမှ စတင်ထွက်ခွာ၍ တနေးရွာသို့ အရောက်တွင် တနေးရွာမှ လူငယ် ၁၈ ဦးကို အတင်းအဓမ္မခေါ်ယူပြီး မယ်ကဝါထာ အထိ လမ်းပြခိုင်းသည်သာမက ၎င်းတို့၏ စားနပ်ရိက္ခာများကိုထမ်းခိုင်းစေခဲ့ပါသည်။ ထို့ပြင် ၅/၁၀/၂၀၂၁ ရက်နေ့တွင် မယ်ကဝါထာ ကျေးရွာမှ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးကိုလည်း ဝါခထာ အထိ အတင်းအဓမ္မ ဖမ်းခေါ်သွားခဲ့ပါသည်။ ထို့နောက် ဝါခထာ ကျေးရွာသူကျေးရွာသား ၁၄ ဦး ကို အတင်းအဓမ္မ ထပ်မံဖမ်းခေါ်ပြီး ဝေါ်ဝေလေး အထိခေါ်ဆောင်ခဲ့ပါသည်။ ထိုမှတဖန် ဝေါ်ဝေလေး ကျေးရွာမှ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦးကို ခူသူထာအထိ အတင်းအဓမ္မ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။
ဤသို့ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထုများကို အတင်းအဓမ္မ ဖမ်းဆီးပြီး လမ်းပြလုပ်ခိုင်းခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း နှင့် စားနပ်ရိက္ခာများ ထမ်းခိုင်းခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖြစ်သော စကခ - ၈ ၊ ခမရ - ၄၀၆ တို့သည် ကူးဆိပ်မှ ဖာပွန်သို့သွားရာ ဝေမို နှင့် ဝေဆာ အကြားသို့အရောက်တွင် ပြည်သူလူထုများလုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး ၃၁ လုံး နှင့် လက်နက်ငယ် အ ချက်ပေါင်း ၁၀၀၀ ကျော်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပါသည်။ ထိုသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ လက်နက်ကြီး / လက်နက်ငယ် များ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဝေမိုကျေးရွာမှ လူနေအိမ် ၃၆ လုံး၊ စာသင်ကျောင်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ လုံး၊ ရေကန် ၁ လုံး၊ ဆိုင်ကယ် ၃ စီး၊ ကား ၁ စီး နှင့် နွား ၇ ကောင် ကို ထိမှန်ပျက်စီးမှု ရှိခဲ့သည့်အပြင် ပြည်သူ ၁ ဦးကိုလည်း ထိမှန်ခဲ့ပါသည်။

ထို့အတူ ကေအဲန်ယူ - ဒူးသထူခရိုင်တွင်လည်း ၃/၁၀/၂၀၂၁ ရက်နေ့တွင် ဆိုင်ကယ်စီးနေသော ပြည်သူ ၁ ဦး ကို အာဏာသိမ်းစစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ပါသည်။ ဤသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ စစ်ရေးလှုပ်ရှားမှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို အဆက်မပြတ်လုပ်ဆောင်နေသောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် နှင့်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံတပ်ဖွဲ့များနှင့် ထိတွေ့ကာ မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများဖြစ်သော ဒူးသထူခရိုင် တပ်မဟာ ၁ ၊ မူတြော်ခရိုင် တပ်မဟာ ၅ နှင့် ဒူးပလာယာခရိုင် တပ်မဟာ ၆ များတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ၌ ၄ ရက်အတွင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ တို့အကြား ပစ်ခတ် တိုက်ခိုက်မှုပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ကာ အာဏသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ၂၃ ယောက် သေဆုံးပြီး ၂၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။