စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
BGF-၁၀၁၄ တပ်ရင်းမှ ကျေးရွာ(၆)ရွာအား ရွာသားများ၏ သဘောဆန္ဒမပါပဲ (၃)လသူကြီးစနစ်ဖြင့် အုပ်ချုပ်ရန် အဓမ္မညွှန်ကြား

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉ရက်၊ သထုံခရိုင်

အောက်တိုဘာ (၇) ရက်နေ့လည် (၁၂) နာရီခန့်က BGF-၁၀၁၄ တပ်ရင်း လက်အောက်ခံ (BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်) မှ KNU သထုံခရိုင်၊ ဘားအံမြို့ နယ် အတွင်းရှိ ကျေးရွာ (၆) ရွာမှ ကျေးရွာခေါင်းဆောင်များကို ခေါ်ယူ၍ (၃) လသူကြီး စနစ်ဖြင့် အုပ်ချုပ်ရန် ကျေးရွာပြည်သူများ၏ သဘောဆန္ဒမပါဘဲ အဓမ္မညွှန် ကြား ခိုင်းစေခဲ့သည်။ BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်မှ ဖားကနူနှင့် မိုးဟိန်းတို့ (၂) ဦးက အဓမ္မညွှန်ကြား ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ကျေးရွာ (၆) ရွာမှာ ကေအဲန်ယူ-ဘားအံ မြို့နယ်၊ ကျုံခနကျေးနယ်အုပ်စုအတွင်းရှိ ကျုံခနကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ တံတားဦးကျေးရွာ၊ ရှောက်ကုန်းကျေးရွာ နှင့် အီးဟယ် ကျေးနယ်အုပ် စုရှိ နို့နော်ဝါးနှင့် လှိုင်းကဒက်ကျေးရွာ တို့ဖြစ်သည်။


(၃) လသူကြီးဖွဲ့စည်းခိုင်းရာတွင် အိမ်ခြေများသော ရွာကြီးများကို တစ်ရွာလျှင် (၃) ဦးဖြင့်ဖွဲ့စည်းရမည်ဖြစ်ပြီး ရွာငယ်များကို တစ်ရွာလျှင် (၂) ဦးဖြင့်ဖွဲ့စည်းရန် BGF-၁၀၁၄၊ ညောင်ကုန်းစစ်ဆေးရေးဂိတ်မှ အမိန့်ပေးထားသည်ဟု ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲ တာဝန်ရှိသူက ပြောသည်။


ထို့အ ပြင် ကျေးရွာအတွင်းရှိ ရွာသား (၄) ဦးမှ ကင်းစောင့်ပေးရမည်ဖြစ်ပြီး ညဖက်တွင် (၂) ဦးကို၎င်းတို့စခန်း၌ခေါ်အိပ်မည်ဖြစ်ကာ ကျန် (၂) ဦးက ရွာထဲတွင် နေခဲ့ရမည်ဟု အမိန့်ပေးထားသည်။ ရွာထဲ၌နေခဲ့ရမည့် လူ (၂) ဦးက KNU-KNLA တပ်များ လှုပ်ရှားသွားလာမှုရှိပါက အချိန်မီသတင်း ပေးပို့ရ မည်ဖြစ်သည်။


"ရွာသားတွေကို စခန်းထဲခေါ်အိပ်တာက လူသားဒိုင်းပုံစံမျိုးလုပ်တာပဲ ရွာသားတွေစခန်းထဲရှိနေရင် KNUဖက်ကမပစ်ဘူးဆိုတာ သူတို့သိတယ်လေ၊ နောက်ပြီး အခုလို ရွာသားတွေကို စစ်ရေးမှာ ခုတုံးလုပ်ပြီး အတင်းအဓမ္မခိုင်းတာက တစ်ကယ်မလုပ်သင့်တဲ့လုပ်ရပ်ပါ" ဟု ကေအဲန်ယူ-သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်မှ ပြောသည်။


ရွာသားများမှာ စားနပ်ရိက္ခာနှင့် ကုန်ဈေးနှုန်းများ စျေးတက်နေ၍ စားဝတ်နေရေး ခက်ခဲနေသော်လည်း BGFများကို ကြောက်ရသဖြင့် မိမိတို့သဘောဆန္ဒမပါဘဲ ခိုင်းသည့်အတိုင်း လုပ်ပေးနေရခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ BGF-၁၀၁၄ လက်အောက်ခံ တပ်ဖွဲ့များသည် ဘားအံမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးမျိုးခြိမ်းခြောက်ခြင်း၊ အတင်းအဓမခိုင်းစေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ပြုလုပ်လာသည်မှာ တစ်နေ့တစ်ခြား များလာလျှက်ရှိသည်ဟု ကေအဲန်ယူ- ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှ ပြောသည်။