စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူထိမ်းချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ စုစုပေါင်း(၁၁)ရက်အတွင်း တိုက်ပွဲသတင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း။



၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ကေအဲန်ယူ (ဗဟို)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေများဖြစ်သည့် ဒူးသထူ (သထုံခရိုင်)တပ်မဟာ(၁) ၊တောင်ငူခရိုင် တပ်မဟာ(၂)၊ မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေများထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့သည် စစ်ရေးလှုပ်ရှားများပိုမိုလုပ်ဆောင်လာခြင်းကြောင့် ကေအဲန်ယူလက်အောက်ခံတပ်ဖြစ်သည့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ကရင့်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့နှင့် တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွါးခဲ့ပါသည်။ (၁၁)ရက်အတွင်း တိုက်ပွဲစုစုပေါင်း(၉၀)ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၈၅) ဦးသေဆုံးပြီး (၆၁) ဦးဒါဏ်ရာရရှိခဲ့ပါသည်။ သေဆုံးသူများထဲတွင် ဗိုလ်ကြီး (၁) ဦး၊ ဒုဗိုလ် (၁) ဦး၊တပ်ကြပ် (၂) ဦးတို့ပါဝင်ပါသည်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့သည် ရွာများထဲ လက်နက်ကြီးများဖြင့်ခတ်ခြင်းများပြုလုပ်ခဲ့ပါသည်။ ရွာလူကြီးများကို ခေါ်ယူပြီး စစ်ကောင်စီ၏ စစ်ရေး လှုပ်ရှားမှု ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဘက်မှ ပစ်ခတ်ခြင်းမပြုရန်နှင့် ပစ်ခတ်မှုများလုပ်ပါက ရွာထဲသို့ လက်နက်ကြီးပစ်ချမည်ဟု ချိန်းခြောက်ခဲ့ပါသည်။အောက်တိုဘာလ (၅) ရက်နေ့ ၊ ဖားအံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ် ခမရ(၄၀၉)နှင့် နယ်ခြားစောင့်တပ်(၁၀၁၄)တို့မှ တပ်သားများသည် မယ်ပုရွာအနီးသို့ရောက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ပါသည်။ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဉီး၏အိမ်ခေါင်မိုး ပျက်ဆီးသွားပါသည်။

အောက်တိုဘာလ (၆) ရက်နေ့ ၊ကေအဲန်ယူထိမ်းချုပ်နယ်မြေ ဖားအံမြို့နယ်အတွင်း သံလွင်တံတားအောက်အခြေစိုက်သည့် စစ်ကောင်စီရေတပ်သည် ရေတပ်စစ်သင်္ဘောဖြင့် မယ်တရောလေး ဝန်ကျင် သို့ လက်နက်ကြီး အလုံး(၃၀) ပစ်ခတ်ခဲ့ပါသည်။ ထို့ကြောင့် အနီးအနားရှိရွာများမှ ထိတ်လန့်ခြောက်ခြားခဲ့ရပါသည်။ အောက်တိုဘာလ (၆) ရက်နေ့ ၊ ကေအဲန်ယူထိမ်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် အတွင်း အာဏာသိမ်းစစ်ကောင်စီ အမြောက်တပ်မှ ကျတရောရွာထဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။ ကျတရောရွာသားများ၏ အိပ်ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ရပါသည်။
အောက်တိုဘာလ (၁၁) ရက်နေ့ ၊ ကေအဲန်ယူထိမ်းချုပ်နယ်မြေ ဖားအံမြို့နယ်အတွင်း နယ်ခြားစောင့်တပ် (၁၀၁၄) မှ ဗိုလ်တင်ဝင်း ဉီးဆောင်သောအဖွဲ့သည် ကျေးရွာ(၅)ရွာ၏ လူကြီးများကို ခေါ်ယူပြီး နယ်ခြားစောင့်တပ်(BGF)များမှ တပေါတပ်စခန်းသို့ လာရောက်ဖို့ရှိသည့်အတွက် လာရောက်ရာ လမ်းတွင် ကရင့်အမျိုး သားလွတ်မြောက်ရေးတပ်မတော်မှ မပစ်ခတ်ရန်အတွက် KNLA သို့သွား ရောက် ပြောဆိုစေခဲ့ပါသည်။ KNLAဘက်မှ ပစ်ခတ်ပါက နယ်ခြားစောင့်တပ်သည် ရွာထဲသို့ လက်နက်ပစ်ခတ်မည်ဖြစ်ကြောင်းခြိမ်းခြောက်ပါသည်။

ကေအဲန်ယူထိမ်းချုပ်နယ်မြေ တောင်ငူခရိုင် တပ်မဟာ (၂) အတွင်း တောင်ငူမှ လိပ်သိုသွားသောလမ်း၊ တောင်ငူ မှကျောက်ကြီး သွားသောလမ်း၊ တောင်ငူမှ ဘောဂလိသွားသော လမ်းတို့တွင် စစ်ကောင်စီ တပ်မှ လုံခြုံရေးတင်းကြပ်ပြီး ခရီးသွား များအား စစ်ဆေးခြင်း၊ ဖုန်းများကိုရှာဖွေစစ်ဆေးခြင်းများပြုလုပ်ခြင်းကြောင့် ခရီးသွားများ၊ ဒေသခံပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ကြရပါသည်။

အောက်တိုဘာလ (၂) ရက်နေ့ ၊ကေအဲန်ယူထိမ်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) ဒွယ်လိုးမြို့နယ်အတွင်း ထီသွီးအူဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) သည် ရွာသားများ လုပ်ကိုင်စား သောက်ရာနေရာများသို့ လက်နက်ကြီး (၅) ချက် ၊ လက်နက်ငယ်အချက် (၁၀၀) ကျော်ပစ်ခတ်ခဲ့ပါသည်။ အောက်တိုဘာလ (၉) ရက်နေ့တွင် စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) သည် မှထောကျေးရွာသို့ တက်လာစဉ်လမ်းတွင် လက်နက်ကြီးအလုံး (၅၀) ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်အချက် ပေါင်းများစွာ ပစ်ခတ်ခဲ့ ပါသည်။ ရွာအတွင်း၊ ရွာသားများ လုပ်ကိုင်စားသောက်ရာနေရာ၊ ခရီးသွားရာနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခြင်းကြောင့် ရွာသူ၊ရွာသားများ ထိတ်လန့်ကြောက်ရွံ့နေရပါသည်။