စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၁ ခုနှစ် တစ်နှစ်စာအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲသတင်းချုပ်။


၇ ဇန်နဝါရီ ၂၀၂၂         ကေအဲန်ယူ - ဗဟို
 ၂၀၂၁ ခုနှစ်အတွင်း  ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေ၌  အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံတပ်များသည်  တပ်အင်အားတိုးချဲ့မှု နှင့် နယ်မြေစိုးမိုးမှုများကို အစဉ်တစိုက်ပြုလုပ်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူလူထုများကို ခြောက်လှန့်ပြီး ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို အတင်းအဓမ္မသိမ်းယူမှုများ နှင့် ပြည်သူလူထု၏ အိမ်မွေးတိရစ္ဆာန်များကို ခိုးယူစားသုံးဖျက်ဆီးမှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြပါသည်။
ဤသို့ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက်ကြောင့် နယ်မြေကာကွယ်ရေး နှင့် ပြည်သူလူထု၏ လုံခြုံရေးကို တာဝန်ယူပေးနေရသော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့် နေစဉ်ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။
၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များ၊၎င်းတို့၏ လက်အောက်ခံတပ်များ နှင့်  ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့၏ ကေအဲန်ယူထိမ်းချုပ်နယ်မြေ တပ်မဟာအသီးသီးတွင် ထိတွေ့ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ
ဒူးသထူခရိုင်/ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းတွင်  (၂၄၉) ကြိမ်
တောင်ငူခရိုင်/ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၀) ကြိမ်
ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းတွင် (၁၀၀) ကြိမ်
မြိတ်ထားဝယ်ခရိုင် / တပ်မဟာ(၄)ထိန်းချုပ်နယ်မြေအတွင်းတွင် (၉) ကြိမ်
မူတြော်ခရိုင် / တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းတွင် (၂၆၉၆) ကြိမ် နှင့်
ဒူးပလာယာခရိုင် / တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၂) ကြိမ်  စသည့်တို့ ဖြစ်ပွားခဲ့ပါသည်။
ထို့ကြောင့် ကေအဲန်ယူထိမ်းချုပ်နယ်မြေ တပ်မဟာများအားလုံးအတွင်း ထိတွေ့ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ ( ၃၁၅၂ ) ကြိမ်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်အတွင်း ကေအဲန်ယူထိမ်းချုပ်နယ်မြေ တပ်မဟာများအားလုံးအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ( ၂၁၉၀ ) ဦး သေဆုံးကာ ( ၂၀၄၈ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဘက်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ( ၄၂ ) ဦး အသက်စွန့်ခဲ့ရပြီး ( ၁၃၀ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၂၀၂၁ ခုနှစ်အတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်း နှင့် လုပ်ငန်းခွင်များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ နှင့် ၎င်းတို့၏ လက်အောက်ခံတပ်များမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုပေါင်း အလုံးရေ ( ၁၅၀၀ ) ကျော်ရှိခဲ့ပါသည်။
ဤသို့ အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် ၎င်းတို့၏လက်အောက်ခံတပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ် နှင့် အိမ်မွေး တိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများ ရှိခဲ့ပါသည်။
ညောင်လေးပင်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ကို အသုံးပြု၍ ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများသို့ ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူလူထုများ ထိခိုက် သေဆုံးမှုလည်းရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုကြောင့် ပြည်သူလူထုပေါင်း (၃၁) ဦး သေဆုံးပြီး (၈၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများသည် စိုးရိမ်ကြောက်လန့်မှုများနှင့်အသက်ရှင်နေထိုင်ခဲ့ကြရပါသည်။
တိုက်ပွဲများကြောင့် ပြည်သူလူထုပေါင်း ( ၅၀၀၀၀ )ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက်အခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။