စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အသက်မပြည့်သေးသည့် ကလေးသူငယ်များနှင့် အရပ်သား ပြည်သူ(၉၂)ဦးကို လေးကေ စစ်ကောင်စီ-BGF ပူးပေါင်းစခန်းအတွင်း ဖမ်းဆီးထား


၂၀၂၂ ခုနှစ်၊ မေလ ၁၂၊ သထုံခရိုင်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီ နှင့် BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂) ဦးကို စခန်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းမှ (၇၀) ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂) ဦး ဖြစ်ကာ အသက်မ ပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင်ကြောင်းသိရသည်။
"တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကိုပေါ်တာဖမ်းတယ်၊ ကျောက်ဖျာရွာက အသက်မ ပြည့်သေးတဲ့လူငယ်လေး (၄) ယောက် လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး၊ လေးကေBGFစခန်းထဲမှာ ဖမ်းထားတယ်" ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။
၎င်းကဆက်လက်၍ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များမှ ၎င်းတို့၏ လုံခြုံရေးအတွက် ပြည်သူလူထုကို အကာအကွယ်ယူကာ စစ်ရေးအရ အသုံးချနေခြင်းဖြစ်သည်ဟု ပြောသည်။ မေလ (၈) ရက်နေ့ ညနေပိုင်းက နယ်မြေခံKNDOပူးပေါင်းတပ်များနှင့် စစ်ကောင်စီ-BGF ပူးပေါင်းတပ်တို့ လေးကေကျေးရွာအနီး ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်BGF ဖက်က (၄) ဦးသေ၊ (၁) ဦး ဒဏ်ရာရကာ KNDO ပူးပေါင်းတပ်မှ (၁) ဦးဒဏ်ရာသည်ဟုသိရသည်။
လေးကေစခန်းရှိ စစ်ကောင်စီ BGF တပ်ဖွဲ့များသည် လေးကေကျေးရွာအတွင်း လူနေအိမ်များ၊ ဈေးဆိုင်များမှ စားသောက်ကုန်များနှင့် အခြားပစ္စည်းများကို ခိုးယူမှုများရှိနေပြီး မေလ ၁၀ ရက်နေ့ ကလည်း ဝင်းတာပန် စခန်းရှိ စစ်ကောင်စီ-BGF တပ်ဖွဲ့များမှ ဝင်းတာပန်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဆန်အိတ် ၂၀ အိတ်ခန့် ခိုးယူသွားကြကြောင်း မြေပြင်သတင်းပေးမှုအရ သိရသည်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ-BGFတပ်ဖွဲ့များနှင့် ကေအဲန်ယူ တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေမှုများ ကြောင့် ဒေသခံပြည်သူ(၁၀,၀၀၀) ကျော် နေအိမ်များကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြ သည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း ဖျတ်ဆီးခြင်းများ ပြုလုပ်လျှက်ရှိသည်။