စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ဘီးလင်းမြို့နယ်ရှိ လေးကေကျေးရွာအား စစ်ကောင်စီမှ တစ်ရက်တည်းတွင် လေယာဥ်ဖြင့် (၂) ကြိမ်လာရောက်ပစ်ခတ်


၂၀၂၂ ခုနှစ်၊ မေလ ၂ရက်၊ ကေအဲန်ယူ ဗဟို
မေလ (၁)ရက်နေ့က ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအား အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများနှင့် KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်။
"မနက် (၁၁) နာရီခွဲမှာ ပထမအကြိမ် ဟယ်လီကော်ပတာ (၂)စင်း လာပစ်တယ်၊ လေးကေရွာ ဘုန်းကြီးကျောင်းဘေးက လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်၊ တစ်ခြားထိခိုက်တာ တွေလည်းရှိပေမယ့် အားလုံးမသိရသေးဘူး" ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်။
ထို့နောက် မွန်းလွဲ(၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဥ် (၂)စင်းဖြင့် ဒုတိယအကြိမ် လေးကေကျေးရွာအား လာရောက်ပစ်ခတ်ခဲ့ပြီး လူနေအိမ် (၉)လုံးနှင့် သီလရှင် ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ကာ ဝက် (၂)ကောင် နှင့် ကြက်(၁)ကောင် ထိခိုက်သေဆုံးသည်ဟုသိရသည်။
"ဒုတိယအကြိမ် လေယာဥ်နဲ့လာပစ်တာက မွန်းလွဲ (၁)နာရီ (၉) မိနစ်ကနေ (၁)နာရီ (၅၉) မိနစ်အထိဆိုတော့ မိနစ် (၅၀) လောက်ကြာတယ်၊ ရွာသားတွေနဲ့ KNU တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူး" ဟု ရှေ့တန်းရောက်တပ်မှူး တစ်ဦးကပြောသည်။
ထို့အပြင် နေ့လည် (၁၂)နာရီခွဲ ဝန်းကျင်တွင်လည်း ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းကြီးကျောင်းဘေး၌ တပ်စခန်းချထားထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ပစ်ခတ်ခဲ့၍ လေးကေကျေးရွာရှိ ရာဘာခြံ၊ သီဟိုခြံ၊ ငှက်ပျောခြံ များ မီးလောင်ပျက်စီးခဲ့ပြီး တဲအိမ်တစ်လုံးနှင့် ရာဘာကြိတ်စက်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်။
လေးကေ နှင့် ဝင်းတာပန်ရှိ စစ်ကောင်စီ-BGF ပူးပေါင်းတပ်စခန်း (၂)ခုကို ဧပြီလ (၂၃)ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာပေးရန် KNDO တပ်ရင်း (၂) ဌာနချုပ်မှ ကြေငြာချက်ထုက်ပြန်ထားသော်လည်း စစ်ကောင်စီ တပ်များမှ လိုက်နာလုပ်ဆောင်ခြင်းမရှိသဖြင့် စစ်ရေးတင်းမာမှုများရှိလာခဲ့ကာ မေလ (၁) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ကေအဲန်ယူ-သထုံခရိုင်အတွင်း ပထမအကြိမ် လေယာဥ်အသုံးပြုကာ စတင်ပစ်ခတ်တိုက်ခိုက်လာခြင်းဖြစ်သည်။