စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီ တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် လူနေထိုင်ရာဒေသများသို့ ပစ်ခတ်နေမှုကြောင့် ဒေသခံ စစ် ဘေးရှောင် (၇၀၀၀) ခန့်ရှိလာ


၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ရက်၊ ကေအဲန်ယူဗဟို
ဧပြီလ ၂၃ ရက်နေ့မှစ၍ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း KNDO/ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ၊ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှုများရှိလာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များမှ လူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ပြည်သူ ( ၇၀၀၀) နီးပါး နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်မှ ကျေးရွာပေါင်း (၉)ရွာတို့ရှိ လူဦးရေ (၇၀၀၀)နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များလိုအပ်လျှက်ရှိသည်။
ဧပြီလ (၂၃) ရက်နေ့ည ကလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေါဇံကြီးကျေးရွာမှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)လုံးလက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်။
ထို့အပြင် ဧပြီလ (၂၄) ရက်နေ့ည (၇) နာရီခန့်က လေးကေကျေးရွာ စစ်ကောင်စီ -BGF ပူးပေါင်းစခန်းမှ လက်နက်ကြီး (၆၀မမ) များဖြင့်ပစ်ခတ်မှုကြောင့် လေးကေကျေးရွာရှိ လူနေအိမ် (၃) လုံးလက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်။
ထို့အပြင် ဘီးလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေ မှုများလည်းရှိကြောင်း ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲမှ သတင်းပေးပို့ထားသည်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများဖြစ်သော လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီ-BGF ပူးပေါင်းတပ်စခန်း (၂)ခုကို ဧပြီလ (၂၃) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာပေးရန် KNDO တပ်ရင်း (၂) ဌာနချုပ်မှ ကြေငြာချက်ထုက်ပြန်ထားသော်လည်း စစ်ကောင်စီ တပ်များမှ လိုက်နာလုပ်ဆောင်ခြင်းမရှိသဖြင့် စစ်ရေး တင်းမာ သည့် အခြေအနေများရှိလာခဲ့ခြင်းဖြစ်သည်။