စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်


ဇွန်လ(၂၅)ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ အင်းနက်ကျေးရွာအုပ်စုတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ပြီး ယခုအချိန်အထိ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပါသည်။ ယင်းပစ်ခတ်မှုသည် နံနက်(၇)နာရီမှ (၉)နာရီကျော်အထိ လက်နက်ကြီးအလုံးရေ (၄၀)ကျော်ပစ်ခတ်ပြီး ၎င်းနောက်ပိုင်း ပစ်ခတ်သည့် လက်နက်ကြီးအလုံးရေကို အတိအကျမသိရှိပါ။

၎င်းပစ်ခတ်မှုကို ခလရ-၆၀၊ ခမရ-၄၃၉၊ ခမရ-၃၅၁ ပူးပေါင်းတပ်တို့မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ကာ ဆိပ်ကြီးနှင့် ညောင်ကုန်းရွာတွင် စခန်းချပြီး အင်းနက်ကျေးရွာအုပ်စုသို့ လက်နက် ကြီးများ ပစ်ခတ်ခြင်းဖြစ်သည်။ ၎င်းပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာပြည်သူလူထု (၅)ဦး ဖြစ်သော စောသက်ဝေစိုး အသက်(၃၅)နှစ်၊ ဘယ်ဘက်ခြေသလုံး၊ စောကျော်ကျော် အသက်(၃၀)နှစ် ဘယ်ဘက်ရင်အုံဘေး၊ စောရန်နိုင်ဝင်းအ သက်(၂၇)နှစ် ညာဘက်ခြေသလုံးနှင့် ဘယ်ဘက်ခြေဖမိုး၊ မငြိမ်းငြိမ်းစိုး အသက်(၃၀)နှစ် ညာဘက်ခြေသလုံး၊ ဒေါ်စန်းနွဲ့ အသက်(၆၂)နှစ် ညာဘက်လက်မောင်းတွင် အသီးသီး ပြင်းထန်ဒဏ်ရာများ ရရှိကြသည်။ ပြင်းထန်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဆေးဝါးကုသမှု ပေးလျက်ရှိသည်။ ထို့အပြင် ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ပျက်စီးမှုအရေအတွက်ကို အတည်မပြုရသေးပါ။

ညနေ(၂)နာရီကျော်ခန့်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ လူအင်အားအပြည့်နှင့် ကား(၄)စီးရောက်ရှိလာပြီး နတ်သံကွင်းမြို့တွင်(၁)စီး၊ တံခွန်တိုင်ထိပ်တွင် (၃)စီးချထားခဲ့သည်။ ထို့နောက် ဘိုကဒေါအင်းသို့ ဆက်သွားကာ စခန်းချပြီး ရန်မျိုးအောင်ကျေးရွာသို့ (၅)နာရီ (၅၀)မိနစ်တွင် လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့သည်။ ရန်မျိုးအောင်ကျေးရွာမှ ပြည်သူလူထုများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးပြီးနောက် ယခုတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ရန်မျိုးအောင်ကျေးရွာတွင်းသို့ ဝင်ရောက်တပ်စွဲထားသည်။ ညနေ(၃)နာရီခွဲတွင် လူအင်အားအပြည့်နှင့် စစ်ကား(၁၀)စီး နတ်သံကွင်းမြို့သို့ ထပ်မံရောက်ရှိလာပြီး နတ်သံကွင်းတံတားတွင် ဂိတ်ချစစ်ဆေးမှုပြုလုပ်ကြသည်။

ယနေ့ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ(၆)ရွာရှိသည့် အင်းနက်ကျေးရွာအုပ်စုတွင် အိမ်ခြေ (၆၁၉)လုံး၊ လူဦးရေ (၂၆၂၂)ဦးနှင့် မုန်းမြို့နယ်ရှိ အိမ်ခြေ(၂၇၀)လုံး၊ လူဦးရေ(၁၇၀၀)ဦးရှိသည့် ရန်မျိုးအောင်ကျေးရွာနှင့် အိမ်ခြေ(၁၅၀)၊ လူဦးရေ(၈၅၀)ဦးရှိသည့် နောင်ကုန်းကျေးရွာမှ ပြည်သူလူထုများအားလုံး စုစုပေါင်း(၃၄၇၂)ဦး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရသည်။