စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၂ ခုနှစ် ဇွန်လအတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် ( BGF ) တို့ကြောင့် အပစ်မဲ့ပြည်သူလူထု ၁၂ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိ



၄ရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့သည် စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားတိုးချဲ့မှုများ ပြုလုပ်သဖြင့် နယ်မြေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်စောင့်ရှောက်ပေးသော ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီ၏တပ်များ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှုနေ့စဥ္ဖြစ်ပွားခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းသို့ စစ်ရေးလှုပ်ရှားမှုနှင့် တပ်အင်အားတိုးချဲ့မှုပြုလုပ်လာသော အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့် တပ် (BGF)တို့သည် ပြည်သူလူထုများကို ထိတ်လန့် ကြောက်ရွံ့အောင်အမျိုးမျိုးပြုလုပ်သည့်အပြင် ပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ နေ့စဥ်ပစ်ချခဲ့ပါသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များသည် ပြည်သူလူထုများကို ဖမ်းဆီးရိုက်နှက် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်သည်သာမက ပြည်သူလူထုများ၏ စည်းစိမ် ဥစ္စာများကို ခိုးယူခြင်း၊ မတရားသိမ်းယူခြင်းနှင့် ကျွဲ ၊ နွား ၊ကြက်၊ ဝက် နှင့် ဆန် စသည်တို့ကို လုယက် ခိုးယူစားသုံး ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြပါသည်။ ထိုထက်မက အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များသည် ပြည်သူလူထုများ၏ နေအိမ် နှင့် အဆောက်အဦများကို မီးရှို့ ဖျက်ဆီးမှုများလည်း ပြုခဲ့ကြပါသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများ ပစ်ချမှုကြောင့် ပြည်သူလူထု၏ နေအိမ် (၇၅) လုံး၊ ဘုန်းကြီးကျောင်း (၂) လုံး နှင့် စာသင်ကျောင်း (၂) လုံး ကို ထိမှန်ပျက်စီးခဲ့ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များသည် ပြည်သူလူထု၏ နေအိမ်ပေါင်း (၆၁) လုံးကို မီးရှို့ ဖျက်ဆီး ခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်တို့သည် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေစဥ် လမ်းပြပေးရန်အတွက် ပြည်သူလူထုများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ၎င်းတို့၏ တပ်သားများ၊ စားနပ်ရိက္ခာများ နှင့် ပစ္စည်းများကို သယ်ဆောင်ပေးရန်အတွက် ပြည်သူလူထု၏ ကားများကို အတင်းအဓမ္မ ယူသုံးခြင်းများလည်း ရှိခဲ့ပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်မှ ပစ်သတ်မှုနှင့် လက်နက်ကြီးပစ်ချမှုကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၂) ဦးသေဆုံးခဲ့ရပြီး ထိုအထဲတွင် သံဃာတော် (၁) ပါးလည်းပါဝင်ပါသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် သံဃာတော် (၁) ပါးလည်းပါဝင်ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်များဖြစ်သည့် ဒူးသထူခရိုင် / တပ်မဟာ - ၁ ၊ တောင်ငူခရိုင် / တပ်မဟာ - ၂ ၊ ညောင်လေးပင်ခရိုင် / တပ်မဟာ - ၃ ၊ ဘိတ်ထားဝယ်ခရိုင် / တပ်မဟာ - ၄ ၊ မူတြော်ခရိုင် / တပ်မဟာ - ၅ နှင့် ဒူးပလာယာခရိုင် / တပ်မဟာ - ၆ တို့အတွင်းတွင် တိုက်ပွဲများ အစဥ်တစ်စိုက်ဖြစ်ပွားနေသဖြင့် ပြည်သူလူထုများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါသည်။ ဒူးသထူခရိုင် / တပ်မဟာ - ၁ ၊ ညောင်လေးပင်ခရိုင် / တပ်မဟာ - ၃ ၊ မူတြော်ခရိုင် / တပ်မဟာ - ၅ နှင့် ဒူးပလာယာခရိုင် / တပ်မဟာ - ၆ တို့တွင် တိုက်ပွဲများပြင်းထန်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုဦးရေ တိုးလာခဲ့ပါသည်။ ထွက်ပြေးတိမ်းရှောင်နေရသောပြည်သူလူထုများသည် အရေးပေါ်အစာရေ ကူညီ ထောက်ပံ့မှုများလိုအပ်ခဲ့သည်သာမက မိုးတွင်းကာလဖြစ်သည့်အားလျော်စွာ ၎င်းတို့နေထိုင်ရန် အခက်အခဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။