စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်


ဇူလိုင်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဇူလိုင်လ(၁၁)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အင်းနက်ကျေးရွာသား အသက်(၆၂)နှစ်ရှိသူ ဦးမြင့်အေးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဦးမြင့်အေးသည် မိမိ၏နေအိမ်တွင် ကျန်ခဲ့သော နွားများကို ပြန်လွတ်ပေးရန်အတွက် ကျေးရွာသို့ ပြန်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ နေ့ညမပြတ် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပြည်သူလူထုများ မိမိတို့၏ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များကို ထားခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် ကျွန်းကုန်းကျေးရွာသား ဦးမောင်မဲ၏ လယ်တဲကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နည်းတူ ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျေးရွာရှိ တီးဝါး၏ လယ်တဲနှင့် မုန်းမြို့နယ် ရေတွင်းကုန်းကြီးကျေးရွာရှိ စောမူးဂေး၊ စောသူးခေါ်ဒေးနှင့် ညားနော်တူ၊ ရန်မျိုးအောင်ကျေးရွာရှိ တောသားလေးတို့၏ လယ်တဲ ဇူလိုင်လ(၁၀)ရက်နေ့တွင်ပင် စုစုပေါင်း လယ်တဲ (၅)တဲကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်စီးခံရသော မုန်းမြို့နယ်ရှိ ကျေးရွာပြည်သူလူထုများ၏ လယ်တဲများသည် ကေအဲန်ယူ-ကျောက်ကြီးမြို့ နယ်တွင် တည်ရှိသည်။

ဇူလိုင်လ(၁၀)ရက်နေ့မှစပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အများပြည်သူ အသုံးပြုသွားလာနေသော တုံးတံတား၊ ကျောက်ကြီးလမ်းတွင် ကုန်ခြောက်များ ကူးသန်းရောင်းဝယ်ရန်အတွက် ပိတ်ပင်ခဲ့သည်။

ဇူလိုင်လ(၉)ရက်နေ့တွင် ကေအဲန်ယူ-ကျေက်ကြီးမြို့နယ် ကျွန်းကြီးကူးတို့ဆိပ်တွင် လှေတန်းကျွန်းကြီးကျေးရွာရှိ အသက်(၅)နှစ်ရှိသူ မောင်အောင်ချမ်းမင်းသည် အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီမှ ထောင်ထားသော မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။ မိုင်းနင်းမိသော ကလေးငယ်အား မိဘများက ကညင်ကျိုးဆေးရုံသို့ ပို့ပီး ဇူလိုင်လ(၁၀)ရက်နေ့တွင် သေဆုံးခဲ့သည်။အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ဇွန်လ(၁၁)ရက်နေ့မှစ၍ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်ရှိ ကူးတို့ဆိပ်အားလုံးကို သွားလာမှုမပြုလုပ်ရန် ပိတ်ပင်ခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေတွင် စစ်ရေးလှုပ်ရှားလျက်ရှိသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှာ ခမရ-၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင်မှ ဦးဆောင်၊ ခလရ-၂၆၄၊ ခလရ-၅၇၊ ခလရ-၄၃၉ ဒုတပ်ရင်းမှူး အောင်ကျော်ထက်မှ ဦးဆောင်၊ ခလရ-၆၀၊ ခလရ-၃၅၁၊ ခလရ-၃၅၀နှင့် ပျူစောထီးအဖွဲ့ ကျော်ကိုမှ ဦးဆောင် တို့ဖြစ်သည်။

၂၀၂၂ခုနှစ်၊ မေလမှစ၍ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များ နေ့ညမပြတ် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပေါင်း(၂၈)ရွာမှ ကျေးရွာပြည်သူလူထုဦးရေ စုစုပေါင်း (၁၁၁၃၉)ဦးမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ထို့အပြင် ကျောင်း ပေါင်း (၁၃)ကျောင်းမှ ကျောင်းသားဦးရေ စုစုပေါင်း(၆၅၈၈)ဦးနှင့် ကျောင်းဆရာ/ဆရာမဦးရေ စုစုပေါင်း(၇၁)ဦးမှ ပညာသင်ကြားခွင့်ကို ရပ်နားခဲ့ရသည်။

ယခုအချိန်ကာလသည် မိုးရာသီကာလဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းကျဉ်းကြပ်သောကြောင့် ခြင်ထောင်ထောင်ရန်အတွက် နေရာမရှိခြင်း၊ ဝတ်စရာများ အလုံ အလောက်မရှိသောကြောင့် အဝတ်အစိုများသာ ဝတ်ကြရသည်။ ထို့ကြောင့် နေမကောင်းဖြစ်ခြင်းနှင့် ချောင်းဆိုးရင်ကြပ်များ အများအပြား ခံစားရသည်။ ထို့အပြင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ် ကွေး နှင့် ငှက်ဖျားရောဂါများကိုလည်း ခံစားရသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၏ ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဆေးဝါးလုံလောက်မှုမရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် လိုအပ်သလို အချိန်မှီကုသမပေးနိုင်ခြင်းများလည်းရှိသည်။