စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မူတရော်ခရိုင်၊ လူးသောမြို့နယ် ဒေသခံပြည်သူ သောင်း ကျော် ဆန္ဒဖော်ထုတ်ခြင်း

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်
သူးလေသတင်းစဉ်
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ ၌ မူတရော်ခရိုင်၊ လူးသောမြို့နယ် နယ်မြေ (၃)ခုမှ ဒေသခံပြည်သူ များမှ မိမိတို့၏ သဘောထားများ၊ အစိုးရတပ်မတော်၏ မူတရော်ခရိုင်အတွင်း ဝင်ရောက်လှုပ်ရှားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ခြင်း များကို ဆန္ဒဖော်ထုတ်ပြသ ကြပါသည်။
အဆိုပါ ပြည်သူ့ဆန္ဒ ဖော်ထုတ်ခြင်းသည် မူတရော်ခရိုင်၊ လူးသောမြို့နယ် အတွင်းရှိ ခေးဘူး၊ နော်ယို့ထာ၊ လယ်မူပလော၊ စောမူပလော၊ ကောလူးဒဲ၊ ဖလာ့ခို၊ ယဲမူပလော၊ ခဲပါး၊ ပေးကေး၊ ဘောသေထာ၊ ကလောထာ နှင့် တေးမူဒဲ အစရှိသော ကျေးရွာအုပ်စု (၁၂) အုပ်စု မှ နော်ယို့ထာ အရပ်၊ ထီးဟောထာ အရပ်၊ ဒေဘုနိုအရပ် စသည့် နေရာ(၃)ရပ်၌ ချီတက် ဆန္ဒဖော်ထုတ် ခြင်း ဖြစ်ပါသည်။
ယင်း ဆန္ဒဖော်ထုတ်ခြင်းတွင် အောက်ပါအတိုင်း အချက်(၃) ချက် ကို ဖော်ထုတ်တောင်းဆိုထားပါသည်။
(၁) “အစိုးရတပ်မတော် ၏ မိမိတို့ သတ်မှတ်နယ်မြေတွင် လမ်းဖောက်လုပ်ရန် ပြင်ဆင်နေခြင်းသည် နိုင်ငံရေး အရ မရှင်းမလင်းဖြစ်နေခြင်း၊ အာမခံချက်မျှ မရှိခြင်း ကြောင့် နောက်ဆက်တွဲဖြစ်ရပ်အဖြစ် တိုက်ပွဲ များဖြစ်ပေါ်လာစေပြီး ထပ်မံဖြစ်ပေါ်လာနိုင်ခြေ များပြားလာသဖြင့် စစ်ရေးအရ လွမ်းမိုးလိုခြင်း၊ စစ်အင်အား တိုးချဲ့ခြင်းများဖြစ်ပေါ်လာကာ မိမိတို့၏ ဘဝလုံခြုံမှုကို ထိခိုက်စိုးရိမ် စေသဖြင့် အထက်ပါ ကိစ္စရပ်များ ကို လုံးဝ ခွင့်မပြုပါ၊ သက်ဆိုင််ရာခေါင်းဆောင်များ အနေဖြင့်လည်း ပြတ်ပြတ် သားသား တားဆီးကန့်ကွက်ပေးရန်”
(၂) “မိမိတို့နယ်မြေ အတွင်းသို့ အစိုးရ တပ်မတော်မှ စစ်ကြောင်းများ ပိုမိုဝင်ရောက်လာခြင်းများ အပြင် ၎င်းတို့၏ လှုပ်ရှားခြင်း၊ လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ ၏ နေထိုင် လှုပ်ရှား လုပ်ကိုင်စားသောက်ခြင်းများ ကို အခက်အခဲဖြစ်စေသည် သာမက အသက်အိုးအိမ် စည်းစိမ် များ အတွက် ကြောက်ရွံ့စိုးရိမ် ထိတ်လန့်ခြင်းများ ဖြစ်စေသဖြင့် အစိုးရတပ်မတော်၏ စစ်ကြောင်းများ ပြန်လည် ထွက်ခွာပေးရန်၊ ထိုသို့ထွက်ခွာစေရန် သက်ဆိုင်ရာခေါင်းဆောင်များ အနေဖြင့်လည်း ကူညီ ဖိအားပေးရန်”
(၃) “အစိုးရတပ်မတော် ၏ မောင်းသူမဲ့ထောက်လှမ်းရေးယာဉ် (Drone) များဖြင့် တိတ်တဆိတ် ကျူးကျော် ကာ ဓါတ်ပုံများခိုးရိုက်ယူ စုံစမ်းထောက်လှမ်းခြင်း ကြောင့် မိမိတို့၏ ဘဝလုံခြုံမှုကို ထိခိုက်စေသကဲ့သို့ ထိတ်လန့် ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်စေသည့် အတွက် အဆိုပါလုပ်ရပ်များကို ရပ်တန့်ပေးရန်၊ ထိုကဲ့သို့ သော လုပ်ရပ်များ ရပ်တန့်သွားရန်အတွက် သက်ဆိုင်ရာခေါင်းဆောင်များ အနေဖြင့်လည်း ကူညီ ကာကွယ် တားဆီးပေးရန်”
အဆိုပါ ဆန္ဒသဘောထားများ နှင့် တောင်းဆိုချက်များ အပြင် -
(၁) “မိမိတို့နယ်မြေ၌ အစိုးရစစ်တပ် ၏ လမ်းဖောက်လုပ်ခြင်းအား - ပြတ်ပြတ်သားသားကန့်ကွက်ကြ”
(၂) “အစိုးရစစ်တပ် ဖောက်လုပ်မည့် လမ်းများ - ခွင့်မပြုပါ”
(၃) “နိုင်ငံရေးနည်းလမ်းဖြင့် အရင်ဦးဆုံးဖြေရှင်းပေးခြင်းသည် - အရေးကြီးသည်” ဟူသော ကြွေးကြော်သံ (၃)ရပ် ကို လည်း ထည့်သွင်း ကြွေးကြော်ခဲ့ကြပါသည်။
မူတရော်ခရိုင်အတွင်း၌ အစိုးရစစ်တပ်၏ မတရားဝင်ရောက်လှုပ်ရှားမှု ထိခိုက်နစ်နာစေမှုများ အတွက် ဤကဲ့သို့ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း သည် ၂၀၂၀ ခုနှစ် အတွင်း ယခုတစ်ကြိမ်ဖြင့်ဆိုလျှင် (၃) ကြိမ် ရှိပြီ ဖြစ်ပါသည်။
ယခု တစ်ကြိမ် အစီအစဉ်တွင် နော်ယို့ထာ နယ်မြေ မှ (၃၉၈၁) ဦး၊ ထီးဟောထာနယ်မြေ မှ (၁၀၉၇) ဦး၊ ဒေဘုနို နယ်မြေမှ (၅၇၂၁) ဦး စုစုပေါင်း ဒေသခံပြည်သူလူထု အင်အား (၁၀၇၉၉)ဦး ပါဝင် ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရှိရပါသည်။