စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် ကျေးရွာအုပ်စု (၄)ခု ဒေသခံပြည်သူများ မှ ရင်ဆိုင်တွေ့ကြုံနေရသည့် ဒုက္ခပြဿနာများ အပေါ်တွင် ဆန္ဒဖော်ထုတ် တောင်းဆို ကြွေးကြော်ခြင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နံနက်တွင် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကျေးရွာအုပ်စု (၄) ခု ဖြစ်သော မဲဝယ်၊ မဲသူ၊ လေးခေါ်ထိ၊ နားကိုခီး စသည့် ကျေးရွာအုပ်စုများ မှ ဒေသခံပြည်သူများသည် မိမိတို့ ရင်ဆိုင်ကြုံတွေ့ နေရသော ဒုက္ခပြဿနာများ ကို ဆန္ဒဖော်ထုတ် တောင်းဆို ကြွေးကြော်ခြင်း တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
ဒေသခံများ အနေဖြင့် မိမိတို့ဒေသ မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း အစိုးရစစ်တပ် မှ ဝင်ရောက် လှုပ်ရှားခြင်းမျိုး ဖြစ်သည့် တပ်အင်အား တိုးမြှင့် နေရာချခြင်း၊ အချို့တပ်များမှာ  ကျေးရွာအတွင်း၌ နေရာယူ စခန်းချခြင်း၊ စစ်မှုရေးရာ များအတွက် စီစဉ်ဆောင်ရွက် ခြင်း၊ သတ်မှတ်နယ်မြေ ကျော်လွန်ပြီး သွားလာခြင်းကြောင့် ဒေသခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခြင်း၊ နောက်ဆက်တွဲ အဖြစ် ကျေးရွာအတွင်း သို့ ၎င်း၊ လယ်မြေ စားကျက်ကွင်းများ သို့၎င်း၊ အစိုးရစစ်တပ်မှ လက်နက်ကြီးများ ပစ်ချခြင်းများ၊ အစိုးရစစ်တပ်မှ ရဟတ်ယာဉ် များ၊ မောင်းသူမဲ့ ယာဉ် (Drone) များ ကို အသုံးပြု၍ စစ်ရေး ထောက်လှမ်း မှုများ အကြောင်းမဲ့ ပြုလုပ်ခြင်း တို့အပြင် ခိုးကြောင်ခိုးဝှက် သွားလာပြီး စုံစမ်းထောက်လှမ်းခြင်းများ ကို ပြုလုပ်နေကြပါသည်။ ထို့အတူ ဒဏ်ရာရစေရန် သော်၎င်း၊ သေကြေပျက်စီးစေရန်သော်၎င်း အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ အများပြည်သူ၏ ဥစ္စာပစ္စည်းများကိုလည်း အတင်း အဓမ္မ လုယူသွားခြင်းများ ရှိနေကြောင်းကို ကန့်ကွက်ဆန္ဒဖော် ထုတ်ကြ ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ပင် မိမိတို့ ဌာနေ နယ်မြေများအတွင်း အစိုးရစစ်တပ် ၏ နယ်မြေစိုးမိုးမှု အတွက်လည်း ကားလမ်း ဖောက်လုပ်ရန် ကြံစည်ဆောင်ရွက်နေခြင်းများ ကို လည်း ထည့်သွင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ကြပါသည်။
ထိုကဲ့သို့ အစိုးရစစ်တပ် ၏ လှုပ်ရှား ကျူးလွန်မှုများ ကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိတ်မချမ်းသာ ဖြစ်နေကြရပြီး အချို့မှာ မိမိတို့ ကျေးရွာများကို ပင် စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရပြီး၊ လယ်ယာ လုပ်ငန်းများ ကိုလည်း ပြန်လည် လုပ်ကိုင်စားသောက်ရန် ပင် မဝံံ့မရဲ ဖြစ်နေကြရ ပါသည်။  ကျောင်းနေ အရွယ် ကလေးငယ်များ ၏ ပညာသင်ကြားရေး ကဏ္ဍ မှာလည်း ရပ်တန့်သွားရပါသည်။ အိုးအိမ် စည်းစိမ် အချို့မှာလည်း ပျက်စီးကုန်ပြီး သွားရေးလာရေး ကဏ္ဍများတွင်လည်း ကြီးမားသည့် အခက်အခဲ ဖြစ်ပေါ် စေပါသည်။ ဒေသခံပြည်သူများ သည် ရောဂါဘယ ဘေးအန္တရာယ် များကို လည်း ရင်ဆိုင် ကြုံတွေ့နေရပြီး စိုးရိမ်ကြောင့်ကျခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းများ ဖြင့် ရှင်သန်နေထိုင် နေရပါသည်။ အဆိုးဆုံးမှာ လူမမယ် ကလေးငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများ အနေဖြင့် ရာသီဥတု ဒဏ်၊ ပြေး လွှားရှောင်ပုန်းရခြင်း ဒုက္ခပြဿနာ များကို ရင်ဆိုင်နေရခြင်း ပင် ဖြစ်ပါသည်။
ထိုသို့ ခါးသီးသော ဒုက္ခဆင်းရဲများ ကြောင့် ဒေသခံမိဘပြည်သူများ အနေဖြင့် ရသမျှ စုစည်းကာ မိမိတို့ ၏ အကြပ်အတည်း အခက်အခဲပြဿနာများကို ဖော်ထုတ်ရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် အစိုးရစစ်တပ်၏ မတရား ကားလမ်းဖောက်လုပ်ခြင်း ကို လက်မခံကြောင်း၊ စစ်အင်အားများ ဖြည့်တင်းခြင်းကို ရပ်တန့်  ပေးရန်၊ မိမိတို့ ဌာနေ နယ်မြေဒေသများတွင် အစိုးရစစ်တပ် ၏ ကျူးကျော်ဝင်ရောက်နေထိုင် လှုပ်ရှား ခြင်းများ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း၊ သတ်မှတ်ထားသည့် နယ်မြေများတွင် လာရောက်တပ်စွဲထားပြီးသော တပ်များကို လည်း ပြန်လည်ရုပ်သိမ်းပေးရန်၊ ရွာသူရွာသားများ၏ လုပ်ငန်း ကိုင်ငန်း များတွင်လည်း အကြောင်းမဲ့ စုံစမ်းထောက်လှမ်းခြင်းများ ကြောင့် စိတ်ဆင်းရဲကြရသဖြင့် ရပ်တန့်ပေးရန်၊ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် သွားလာခွင့် ရရှိရန် တောင်းဆိုခြင်း စသည်တို့ ပါဝင်ပါသည်။ လတ်တလောအဖြစ်အပျက် သည် နိုင်ငံရေးအရ ဖြေရှင်းရန် အရေးကြီးသဖြင့် သက်ဆိုင်ရာ အစုအဖွဲ့များ အနေဖြင့် ကနဦး ဖြေရှင်းပေးစေလိုကြောင်း ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်ပါသည်။
အဆိုပါကြုံတွေ့ရင်ဆိုင် ခဲ့ရပြီး ယခုတိုင်ကြုံတွေ့နေရသောကြောင့် ထပ်မံ ဖြစ်ပေါ်ခြင်းများကို မလိုလား  တော့ကြောင်း နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့်လည်း အရေးတယူ ဖြေရှင်းပေးရန်၊ ဆက်လက်ပြီး ကုလသမဂ္ဂ ထံသို့၎င်း၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်ခဲ့ကြသော နိုင်ငံတကာ အသိသက်သေများ ထံသို့၎င်း တင်ပြတောင်းဆိုပြီး အစိုးရ နှင့် အစိုးရစစ်တပ်ကို ဖိအားပေး တာဝန်ယူ ဖြေရှင်းပေးရန် ကိုလည်း ကြွေးကြော် တောင်း ဆိုကြပါသည်။
ဒေသခံမိဘ ပြည်သူ အင်အား စုစုပေါင်း တစ်ထောင်ကျော်ခန့်သည် ခေါဝါး မှ ခေါဖိုးခီး သို့ လမ်းမကြီး အတိုင်း ချီတက် ဆန္ဒ ဖော်ထုတ်ကြပါသည်။ ၎င်းတို့နှင့်အတူ သဘောထားများ၊ ကန့်ကွက်စာ များ၊ တောင်း ဆို ချက်များ၊ ကြွေးကြော်သံများ ကို လည်း တပါတည်း ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါသည်။