စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ တပ်မဟာ (၃) တပ်ရင်း (၉) မြေနီကုန်း စခန်းအား သွားရောက်ပစ်ခတ်ခြင်း

၂၉ရက်နေ့ မတ်လ ၂၀၂၁ခုနှစ်
သူးလေသတင်းစဉ်
၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု အခြေစိုက် ဆင်မတောင်တပ်စခန်းတွင်ရှိသောတပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချူပ်မှု နယ်မြေဒေသဖြစ်သော လယ်ဒို(ကျောက်ကြီး) မြို့နယ်၊ တပ်ရင်း(၉)၊ မြေနီကုန်းစခန်း အား သွားရောက်တိုက်ခိုက်ခဲ့ပါသည်။
သွားရောက်တိုက်ခိုက်သည့်အချိန်မှာ မနက် ၈ နာရီ ခွဲဖြစ်သည်။ ဆင်မတောင်တွင် တပ်စွဲထားသော တပ်များမှ မြေနီကုန်းနေရာသို့ ချီတက်တိုက်ခိုက်မည့် ၎င်းတို့၏ တပ်များအတွက် လက်နက်ကြီးများဖြင့် ထိုနေရာသို့ ကြိုတင်ပစ်ခတ်ခဲ့ပါသည်။ ကြာမြင့်ချိန် ၃ နာရီခန့်ရှိပြီး အာဏာသိမ်းစစ်တပ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု အလွန်များသောကြောင့် နောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် စပ်လဲကျေးရွာရှိ သရီဒေါ့ဖဲ ဆေးရုံတွင် တိုက်ခိုက်ရန် ပြန်လည်စောင့်ဆိုင်းခဲ့ပါသည်။
၂၇ရက်နေ့ ညအချိန်တွင် ထိုမြေနီကုန်းရှိ အရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်စခန်းအား ထပ်မံ၍ တိုက်ခိုက်ခဲ့သော်လည်း မတတ်နိုင်ဘဲ ၎င်းတို့သည် မြေနီကုန်းစခန်းဘေးနားတွင် တနေကုန် စောင့်ဆိုင်းနေခဲ့ပါသည်။ သို့သော်လည်း အရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်စခန်းအား ထပ်မံ တိုက်ခိုက်နိုင်ခြင်း မရှိတော့ပါ။
၂၈ရက်နေ့တွင် အာဏာသိမ်းစစ်တပ်မှ ထိုနေရာတွင် တနေကုန် စောင့်ဆိုင်းနေခဲ့ကြသည်။ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၀ မိနစ်တွင် မြေနီကုန်းစခန်းကို ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့သည်။ အရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)မှ တပ်သားများ ရဲရဲရင့်ရင့် ပြန်လည်ခုခံတိုက်ခိုက်သဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ အထိအခိုက် အကျအဆုံးများသောကြောင့် နောက်ပြန်ဆုတ်သွားခဲ့ကြသည်။
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ထိုတပ်ရင်း(၉) မြေနီကုန်း စခန်းအား ဤတကြိမ်တွင် မတက်ရောက်သိမ်းပိုက်နိုင်ခဲ့ပါ။ သိရှိရသည့်သတင်းမှာ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ပြီး တပ်သားအတော်များများ သေဆုံး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုစစ်သားများမှ နောက်သို့ ပြန်ဆုတ်ခွာသွားခဲ့ပြီး ( FAW) ဟုခေါ်သော စစ်ကားအား လှမ်းမှာကြားပြီး သေဆုံး ထိခိုက်ဒါဏ်ရာ ရသည့် ၎င်း၏ စစ်သားများအား ပြန်လည် လည်သယ်ဆောင်သွားခဲ့သည်။
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ဝက်လာတော ကျေးရွာအတွင်း ၎င်းတို့၏ ပစ္စည်းများသယ်ရန် (ပေါ်တာ) ရွာသားများအား လိုက်လံ ဖမ်းဆီးနေပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃) အား တက်တိုက်မည်ဟု ပြတ်ပြတ်သားသား ပြောခဲ့ပါသည်။
ယနေ့ (မတ်လ၂၉ရက်) တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ စစ်လေယာဉ်သည် တောင်ငူရှိ ၎င်းတို့၏ စစ်ဌာနနေရာမှ စတင်ပျံသန်းပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှု နယ်မြေဖြစ်သော မုန်းမြို့နယ်ကို ဖြတ်ကျော်ပျံသန်းကာ KNU တပ်မဟာ(၅) ဘက်အခြမ်းသို့ အချို့ပျံသန်းသွားခဲ့ပြီး ညောင်လေးပင်ခရိုင်ဒေသတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော တကောဒဲ၊ ဒဲဃဲ၊ ဖဂေါ စသည့်နေရာများသို့ ပျံသန်းခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ မဲဝေဒေသ တွင်လည်း လေယာဉ်ပျံသန်းခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ပျံသန်းခဲ့သည့် လေယာဉ်အစီးရေမှာ စုစုပေါင်း (၇) စီးဖြစ်ပါသည်။